☄️ ကမ္ဘာကိုဝင်တိုက်နိုင်ချေရှိနေတဲ့ ဥက္ကာခဲ 2024 YR4 ~
2024 ခုနှစ် Dec 25 မှာ ဟာဝိုင်ရီ၊ ချီလီနဲ့ တောင်အာဖရိကမှာ ရှိတဲ့တယ်လီစကုတ်တွေကရတဲ့ data တွေကို အသုံးပြုပြီး ATLAS (Asteriod Impact Early Warning System) စနစ်သတိပေးခဲ့တာကြောင့် 2024 YR4 လို့ အမည်ပေးထားတဲ့ ဥက္ကာခဲတခုကိုရှာတွေ့ခဲ့ပါတယ်။
လက်ရှိလေ့လာမှုတွေအရ ပေ 150 လောက်အကျယ်အဝန်းရှိတဲ့ ဒီဥက္ကာခဲဟာ 2032 ခုနှစ်မှာ ကမ္ဘာကို ဝင်တိုက်နိုင်ချေ 83 ပုံ 1 ပုံရှိနေပြီး ဒီအရွယ်အစားက ကမ္ဘာပျက်လောက်တဲ့အထိမပြင်းထန်ပေမယ့် အပျက်အစီးကြီးကြီးမားမားတော့ဖြစ်စေနိုင်ပါသေးတယ်။ ဥပမာပြောရရင် 1908 ခုနှစ်က ဆိုက်ဘေးရီးယား၊ Tunguska မှာကျခဲ့တဲ့ ဥက္ကာခဲကြောင့် သစ်တော စတုရန်းမိုင် 1000 လောက်ပြားပြားဝပ်သွားခဲ့ဖူးပါတယ်။
ဒီဥက္ကာခဲဟာ Torino Impact Hazard Scale လို့ခေါ်တဲ့ ကမ္ဘာကိုအန္တရာယ်ပြုနိုင်မှုစကေးမှာ အဆင့် 3 ရှိပြီးတော့ လက်ရှိမှာတော့ Torino Scale Zero ထက်ကျော်တဲ့ တခုတည်းသော ဥက္ကာခဲပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း အချက်အလက်တွေပိုပိုရရှိလာနဲ့အမျှ ဒီစကေးဟာ တဖြည်းဖြည်းနည်းပါးလာနိုင်ပြီး သမိုင်းမှာလည်း ဒီလိုအဖြစ်အပျက်မျိုးရှိခဲ့ဖူးပါတယ်။
၂၀၀၄ ခုနှစ်က Torino Scale အဆင့် ၄ ရှိတဲ့ ကျွန်တော်တို့ ကမ္ဘာဖျက်ဥက္ကာခဲလို့ခေါ်ခဲ့ကြတဲ့ 99942 Apophis ဟာ အခုချိန်မှာတော့ Scale Zero အထိရောက်ရှိသွားပြီဖြစ်ပြီး နောက်ရာစုနှစ်လောက်ထိ ကမ္ဘာနဲ့ဝင်တိုက်မိနိုင်ခြေမရှိတော့ပါဘူး။
ယခု 2024 YR4 ဥက္ကာခဲဟာ လာမယ့် ဖေဖော်ဝါရီလလောကက်ကစပြီး ကျွန်တော်တို့တိုင်းတာနိုင်မယ့် မြင်ကွင်းကနေ ၃ နှစ်လောက်ပျောက်ကွယ်သွားမှာဖြစ်ပြီး ၂၀၃၂ ခုနှစ်နဲ့ ၂၀၇၉ ခုနှစ်ကြားမှာ ကမ္ဘာနဲ့တိုက်မိနိုင်ချေ ၇ ကြိမ်ခန့်ထိရှိနေပါတယ်။ အဖြစ်နိုင်ဆုံးခန့်မှန်းချက်ကတော့ ၂၀၃၂ ခုနှစ် ဒီဇင်ဘာ ၂၂ နေ့လောက်မှာဖြစ်ပြီး data ပိုရလာနဲ့အမျှ ပြောင်းလဲသွားနိုင်ချေများပါတယ်။
၂၀၂၂ ခုနှစ်က ကမ္ဘာမြေကာကွယ်ရေးစနစ်အတွက် DART (Double Asteroid Redirection Test) ဆိုတဲ့ mission တခုနဲ့ ယခု ဥက္ကာခဲထက်ပိုကြီးတဲ့ ပေ ၅၂၅ အကျယ်အဝန်းရှိ Dimorphos ဆိုတဲ့ ဥက္ကာခဲတခုကို အောင်အောင်မြင်မြင်လမ်းကြောင်းပြောင်းနိုင်ခဲ့ဖူးတာကြောင့် အကယ်၍များ သေချာပေါက်ဝင်တိုက်လာနိုင်ရင်တောင်မှ အနည်းဆုံးတော့ ဖြေရှင်းဖို့ နည်းလမ်းတွေရှိနေပါသေးတယ်။
