၂၀၂၅ ရဲ့ ပထမဦးဆုံး Oscar ဝင်ဖို့သေချာနေတဲ့ Sinners
စာရေးဆရာနဲ့ ဒါရိုက်တာ Ryan Coogler က Sinners နဲ့အတူ Hollywood ကိုတော်လှန်တော့မှာဖြစ်ပါတယ်။
ဆယ်နှစ်ကျော်လောက်ကတည်းက Coogler ဟာ Hollywood ကို တိတ်တဆတ် တော်လှန်နေတဲ့သူဖြစ်ပြီး လူမည်းအသိုင်းအဝိုင်းအတွက် Christopher Nolan လို့တောင် တင်စားနေရတဲ့သူဖြစ်ပါတယ်။
Coogler အနေနဲ့ ဘာတွေလုပ်ပြခဲ့လည်းဆိုရင် Creed နဲ့ Rocky ဇာတ်လမ်းကို ပြန်လည်အသက်သွင်းခဲ့တယ်၊ Black Panther နဲ့ ယဉ်ကျေးမှုတွေကို ချပြခဲ့တယ်၊ ဒီလိုနဲ့ လူမည်းတွေရဲ့ ဆွဲဆောင်မှုရှိတဲ့ပုံစံတစ်ရပ်ကို Coogler က အကောင်းဆုံးပုံစံတွေနဲ့ ချပြခဲ့သူဖြစ်ပါတယ်။
အခုလည်း Sinners နဲ့ တစ်ဖန်အောင်မြင်မှုတွေရယူနေပြီး ဝေဖန်သူတွေရဲ့ အားပေးမှုကိုလည်း ရထားပါတယ်။ Oscars သာ Horror ရုပ်ရှင်တွေကို အလေးပေးမယ်ဆိုရင် Coogler က အကောင်းဆုံးဒါရိုက်တာဆုအတွက် ဆန်ကာတင်စာရင်းထဲ ဝင်လာနိုင်ပါတယ်။
Horror ရုပ်ရှင်တွေကို Oscars က အလေးမထားတာ တော်တော်လေးကိုမှကြာပါပြီ။ Psycho (၁၉၆၀) နဲ့ Rosemary’s Baby (၁၉၆၈) တို့က ဆုရဖို့ ထိုက်တန်ခဲ့ပေမယ့် ဘာမှမရခဲ့ပါဘူး။ ရှားရှားပါးပါး The Silence of the Lambs (၁၉၉၁) လို အကောင်းဆုံးရုပ်ရှင်ဆုရတဲ့ ကားတွေ၊ Get Out (၂၀၁၇) လို မူရင်းဇာတ်ညွှန်းဆုရတဲ့ ကားတွေပဲ ဆုရခဲ့တာပါ။ ဒါပေမယ့် The Substance လို Body Horror လို ရုပ်ရှင်က ဆု ၅ ခုထိ ဆန်ကာတင်ခဲ့ပေမယ့် Best Makeup ကလွဲပြီး ဇာတ်ကားအတွက် ထိုက်ထိုက်တန်တန် ဘာမှမရခဲ့တာမျိုးတွေလည်းရှိခဲ့ပါတယ်။
Coogler ရဲ့ လက်စွဲတော် မင်းသား Michael B. Jordan က ဒီရုပ်ရှင်မှာ အမြွှာညီအစ်ကို Smoke နဲ့ Stack အဖြစ် သူ့ရဲ့ ထူးခြားတဲ့ သရုပ်ဆောင်တဲ့ပုံစံကိုချပြထားပါတယ်။ Fruitvale Station နဲ့ Black Panther မှာ အော်စကာဆုအတွက် လျစ်လျူရှုခံခဲ့ရတဲ့ Jordan က အခုတော့ အော်စကာရဲ့ အာရုံစိုက်မှုကို ခံနေရပါပြီ။
ဒီနှစ်အတွက်ကတော့ Oscars အနေနဲ့ ရွေးချယ်ရမယ်ဆိုရင် ‘Sinners’ က ပထမဦးဆုံး ဆန်ကာတင် စာရင်းဝင်လာမယ့် ဇာတ်ကာဖြစ်လာမယ်လို့ ထင်မိပါတယ်။
