#နိုင်ငံတကာသတင်း
◼ အမေရိကန်အခွန်များကြောင့် ဘိုးရင်းလေယာဉ်များ လက်ခံမှုရပ်တန့်ရခြင်း ဖြစ်ကြောင်း တရုတ်ပြော
ဘိုးရင်းကုမ္ပဏီ မှ လေယာဉ်အသစ်များ လက်ခံခြင်းကို ရပ်တန့်ရန် ပေကျင်း၏ ဆုံးဖြတ်ချက်အတွက် တရုတ်အစိုးရက အမေရိကန်အခွန်အကောက်များကို အပြစ်တင်လိုက်ပြီး အမေရိကန်အခွန်စည်းကြပ်မှုများက နိုင်ငံတကာ လေ ကြောင်း သယ်ယူပို့ဆောင်ရေးဈေးကွက်ကို ထိခိုက်ခဲ့ကြောင်း ပြောကြားသည်။
အမေရိကန်၏ အခွန်စည်းကြပ်မှုများသည် ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းကွင်းဆက်များနှင့် ထောက်ပံ့ပေးကွင်းဆက်များကို ပြင်းထန်စွာ ရိုက်ခတ်ခဲ့ကြောင်း တရုတ်စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားသည်။
ယင်းနှင့်အတူ သက်ဆိုင်ရာ တရုတ်လေကြောင်းလိုင်းများနှင့် အမေရိကန်နိုင်ငံမှ ဘိုးရင်းကုမ္ပဏီကိုလည်း ကြီးမားသော အခက်အခဲများ ရင်ဆိုင်ခဲ့ရကြောင်း ဝန်ကြီးဌာန ပြောခွင့်ရသူတစ်ဦးက ပြောသည်။
တရုတ်ကုန်ပစ္စည်းအများအပြားအပေါ် အမေရိကန်နိုင်ငံက စည်းကြပ်ထားသော အခွန်အကောက်သစ်များသည် ၁၄၅ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီး အပြန်အလှန်အားဖြင့် တရုတ် က အမေရိကန်မှ လာသောကုန်ပစ္စည်းများအပေါ် အခွန် ၁၂၅ ရာခိုင်နှုန်း ချမှတ်ထားသည်။
ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်နိုင်ငံက ၎င်းတို့၏ လေယာဉ်အသစ်များ လက်ခံခြင်းကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း ဘိုးရင်းအမှုဆောင်အရာရှိချုပ်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း အတည်ပြုခဲ့သည်။
အခွန်စည်းကြပ်မှုဝန်းကျင်ကြောင့် ၎င်းတို့၏ တရုတ်ဖောက်သည်များက လေယာဉ်များ လက်သင့်ခံခြင်းကို ရပ်တန့်ထားကြကြောင်း၊ ယင်းသို့ ဆက်လက်ရပ်တန့်ထားပါက အဆိုပါလေယာဉ်များကို အခြားလေကြောင်းလိုင်းများထံ ရောင်းချသွားမည်ဖြစ်ကြောင်း ဘိုးရင်းအမှုဆောင်အရာရှိချုပ် ကယ်လီအော့ဘတ် က CNBC ရုပ်သံ နှင့် တွေ့ဆုံမေးမြန်းမှုတွင်ပြောကြားသည်။
၂၀၂၅ ခုနှစ်တွင် ဘိုးရင်းလေယာဉ် အစင် ၅၀ ခန့်ကို တရုတ်သို့ ပို့ဆောင်ရန် စီစဉ်ထားခဲ့သော်လည်း ယင်းလေယာဉ်များကို အခြားဖောက်သည်များထံ ပေးပို့ရန် ဘိုးရင်းက အချိန်အကြာစောင့်ဆိုင်းနေမည် မဟုတ်ကြောင်း အော့ဘတ် က ဆိုသည်။
ဘိုးရင်းနှင့်သဘောတူညီချက်မှ နောက်ဆုတ်သွားခဲ့ခြင်းအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပေကျင်းကို ဝေဖန်ခဲ့ပြီး လေယာဉ်များကို လက်မခံသော တရုတ်ကို ပျက်ကွက်သူအဖြစ် သတ်မှတ်သင့်ကြောင်း ဘိုးရင်းက ပြောကြားသည်။
ယင်းအပေါ် တရုတ် စီးပွားကူးသန်း ဝန်ကြီးဌာနက ယနေ့တွင်ပြန်လည်ထိုးနှက်ခဲ့ပြီး ထရန့်၏ အခွန်များကြောင့် ကုမ္ပဏီအများအပြားက ပုံမှန်ကုန်သွယ်ရေးနှင့်ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ မလုပ်နိုင်ကြောင်း ၊ နှစ်နိုင်ငံကြားစီးပွားရေးလုပ်ငန်းများ ပုံမှန်ပူးပေါင်းဆောင်ရွက်မှုလုပ်ဆောင်နိုင်ရေး ထောက်ခံအားပေးမှု ဆက်လုပ်ရန် တရုတ်က စိတ်အားထက်သန်ကြောင်း ပြောရေးဆိုခွင့်ရှိသူ က ဆိုသည်။
သတင်း-ရဲမင်း
ကိုးကား-AFP
