#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ယူအက်စ်အက်စ် ဟာရီထရူးမင်း သင်္ဘောပေါ်မှ တိုက်လေယာဉ်တစ်စင်း ပင်လယ်ထဲ ပြုတ်ကျနစ်မြုပ်
ပင်လယ်နီဒေသ၌ လှုပ်ရှားနေသော အမေရိကန်ရေတပ်မှ ယူအက်စ်အက်စ် ဟာရီထရူးမင်းလေယာဉ်တင်သင်္ဘောသည် ဧပြီ ၂၈ ရက်က ဟူသီသူပုန်အုပ်စု၏ တိုက်ခိုက်မှုကို ရှောင်ရှားရေးအတွက်လမ်းကြောင်းချိုးကွေ့မောင်းနှင်မှုပြုလုပ်စဉ်အက်ဖ်-၁၈ အီးတိုက်လေယာဉ်တစ်စင်း ပင်လယ်ထဲ ပြုတ်ကျခဲ့ရကြောင်း သိရသည်။
အဆိုပါ တိုက်လေယာဉ်ကို လေယာဉ်ရုံသို့ ဆွဲယူနေသော မော်တော် ယာဉ်တစ်စင်းပါလေယာဉ်နှင့်အတူ ပင်လယ်နီရေပြင်အတွင်း ပြုတ်ကျ နစ်မြုပ်ခဲ့ရကြောင်း အမေရိကန်ရေတပ်က သတင်းထုတ်ပြန်ထားသည်။
ယူအက်စ်အက်စ် ဟာရီထရူးမင်းအနေဖြင့် ယီမင်အခြေစိုက် ဟူသီ သူပုန်အုပ်စု၏ တိုက်ခိုက်မှုတစ်ရပ်ကို ရှောင်ရှားရေးအတွက် လမ်းကြောင်းချိုးကွေ့လိုက်စဉ် အမေရိကန်သန်း ၆ဝ တန်ဖိုးရှိ အက်ဖ် - ၁၈ အီး တိုက်လေယာဉ်နှင့် ဆွဲယာဉ်တို့ ရေပြင်အတွင်း ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ရေတပ်တာဝန်ရှိသူများက ပြောကြားထားသည်။
အမေရိကန်ပြည်ထောင်စုသည် ယီမင်နိုင်ငံတွင်းရှိ ဟူသီသူပုန်အုပ်စုပစ်မှတ်များကို သီတင်းပတ်နှင့်ချီ၍ အဆက်မပြတ် တိုက်ခိုက်လျက်ရှိရာ ယင်းတိုက်ခိုက်မှုများအတွက် အက်ဖ် ၁၈ အီး တိုက်လေယာဉ်များဖြင့် အဓိကထားအသုံးပြုလျက်ရှိသည်။
အမေရိကန်သမ္မတရာထူးကို ဒေါ်နယ်ထရန့် ဒုတိယအကြိမ်ရယူခဲ့ပြီးနောက်ပိုင်း အမေရိကန်ပြည်ထောင်စုသည် ဟူသီအုပ်စုပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများမြန်မြန်ဆန်ဆန် ပြုလုပ်လျက်ရှိသည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် ဟူသီအုပ်စုလေကြောင်း စစ်ဆင် ရေးများအတွင်း အမေရိကန်ဒေါ်လာ သန်း ၂ဝဝ တန်ဖိုးရှိ အမ်ကျူ -၉ အမျိုးအစား မောင်းသူမဲ့လေယာဉ် ခုနစ်စင်း ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။
စီအင်န်အင်န်
