16 hrs - Translate

ငလျင်ဘေးအတွက် တရုတ်အကူအညီ စက်သုံးဆီတန်ချိန် ၅၀၀၀၀ မကြာမီ ရောက်ရှိလာမည်
ရန်ကုန်၊ ဧပြီ ၂၉
မြန်မာ့ငလျင်ဘေးအတွက် တရုတ်နိုင်ငံက ကူညီထောက်ပံ့တဲ့ စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်ဆီ) တန်ချိန် ၅၀၀၀၀ မကြာမီ ရောက်ရှိလာမှာဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကနေ သိရပါတယ်။
အဆိုပါ စက်သုံးဆီတွေကို ဖြန့်ခွဲအသုံးပြုမယ့် လျာထားချက်ကိုလည်း ကြိုတင် တင်ပြဖို့ စွမ်းအင်ဝန်ကြီးဌာနကို ညွှန်ကြားထားကြောင်းလည်း ကော်မတီက ဆိုပါတယ်။
ဒါ့အပြင် ရေကြောင်းခရီးနဲ့ ရောက်ရှိလာမယ့် Container Modular တွေနဲ့ အခြားသော ထောက်ပံ့ရေးပစ္စည်းတွေကို ကုန်ရထားနဲ့ ရန်ကုန်မှ နေပြည်တော်၊ မန္တလေးအထိ ပို့ဆောင်နိုင်ရေးကိုလည်း ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီနဲ့ လှူဒါန်းတဲ့ ပစ္စည်းတွေ လက်ခံ၊ ဖြန့်ဝေရေး လုပ်ငန်းကော်မတီတို့ ညှိနှိုင်းဆောင်ရွက်ကြဖို့လည်း အသိပေးထားပါတယ်။
ငလျင်ဘေးအတွက် ပြည်တွင်း၊ ပြည်ပက ထောက်ပံ့ထားတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ၊ အလှူငွေတွေကို စနစ်တကျ လက်ခံသွားဖို့နဲ့ ဖြန့်ခွဲရာမှာ စနစ်တကျ သံသယကင်းစွာနဲ့ ဆောင်ရွက်ကြဖို့ ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဧပြီ ၂၅ ရက်နေ့အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ငလျင်ဒဏ်သင့်ဒေသတွေ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်က ပေးအပ်ထားတဲ့ ထောက်ပံ့ငွေတွေကို အဓိကလိုအပ်တဲ့ နေရာတွေမှာ သုံးစွဲဖို့နဲ့ ပြည်ပမှ နှောင်ကြိုးမဲ့ အကူအညီတွေကို စိစစ်လက်ခံသွားဖို့ တိုက်တွန်းထားပါတယ်။
ဧပြီလ ၂၄ ရက်နေ့အထိ ငလျင်ဘေးအတွက် ပြည်တွင်း၊ ပြည်ပအလှူရှင်တွေထံမှ ကျပ် ၁၁၅.၈၇၆ ဘီလီယံ၊ အမေရိကန်ဒေါ်လာ ၂.၄၃၇ သန်း၊ ကိုရီးယားဝမ် ၅ သန်း၊ အိန္ဒိယရူပီး ၁၅ သန်း၊ ထိုင်းဘတ် ၂ သန်းနဲ့ စင်ကာပူဒေါ်လာ ၃၁၅၀ လက်ခံရရှိထားပါတယ်။
အဆိုပါ လှူဒါန်းငွေတွေကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရဲ့ ငွေစာရင်းထဲ ထည့်သွင်းထားပြီး စနစ်တကျနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အသုံးပြုနေတယ်လို့ ကော်မတီထံမှ သိရပါတယ်။

image