#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်ပွဲကျင်းပမည့် စစ္စတိုင်းဘုရားကျောင်းကို လူဝင်၊ လူထွက် စပိတ်
ရိုမန်ကက်သလစ် ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ခဲ့ပြီးနောက် ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်ရေးအတွက် ကာဒီနယ်ဆရာတော်ကြီးများ အစည်းအဝေးကျင်းပရမည့် စစ္စတိုင်းဘုရားကျောင်းကိုဘုရားဖူးပရိသတ်အဝင်၊ အထွက် စတင်ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ဧပြီ ၂၇ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
ပုပ်ရဟန်းမင်းကြီးသစ်ရွေးချယ်ပွဲအတွက် ကာဒီနယ်ဆရာတော်ကြီးများစုဝေးကြရမည့် စစ္စတိုင်းဘုရားကျောင်းကို ဗာတီကန်နန်းတော်တာဝန်ရှိသူများက ဧပြီ ၂၇ ရက်မှစ၍ ဘုရားဖူးအဝင်အထွက် စပိတ်ထားခြင်းဖြစ်သည်။
ရိုမန်ကက်သလစ်ခရစ်ယာန်ဂိုဏ်း ဥပဒေစည်းမျဉ်းများအရ ပုပ်ရဟန်းမင်းကြီးသစ်ရွေးချယ်ရေး အစည်းအဝေးကို ကွယ်လွန်သူပုပ်ရဟန်းမင်းကြီးအတွက် သတ်မှတ်ထားသော ကိုးရက်ကြာ ဝမ်းနည်းကာလ ပြီးဆုံးချိန်မှသာ စတင်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်နေရာတွင် ရိုမန်ကက်သလစ်ခရစ်ယာန်သာသနာပိုင်တာဝန် ရယူရမည့် ပုပ်ရဟန်းမင်းကြီးသစ်ရွေးချယ်ပွဲကို လာမည့် မေ ၅ ရက်နှင့် ၁ဝ ရက်အကြား တစ်ရက်ရက်တွင် ကျင်းပနိုင်ဖွယ်ရှိကြောင်းသိရသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ရုတ်တရက်နှလုံးခုန်ရပ်တန့်မှုနှင့် လေဖြတ်မှုတို့ကြောင့် ဧပြီ ၂၁ ရက်တွင်ကွယ်လွန်ပြီး ကွယ်လွန်ချိန်တွင် သက်တော် (၈၈)နှစ်ရှိပြီဖြစ်သည်။
ပုပ်ရဟန်းမင်းကြီး၏ ဈာပနအခမ်းအနားကို ဧပြီ ၂၆ ရက်တွင် ဗာတီကန်စီးတီးမြို့တော် စိန့်ပီတာရင်ပြင်၌ကျင်းပခဲ့ရာ ကမ္ဘာ့ခေါင်းဆောင်အများအပြား အပါအဝင် ဧည့်ပရိသတ်ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြသည်။
ရိုက်တာ
