အမေရိကန်ထုတ် iPhone တစ်လုံးဘယ်လောက် ဖြစ်မလဲ
ညစာစားပွဲတစ်ခုမှာ သမ္မတအိုဘားမားက Apple CEO စတိဗ်ဂျော့စ်ကို အမေရိကန်မှာ iPhone ထုတ်ဖို့ ပြောပါတယ်တဲ့။
စတိဗ်ဂျော့စ်က တုံးတိတိပါပဲ။ ဒီအလုပ်တွေ ပြန်မလာတော့ဘူးလို့ ဖြေပါတယ်။ သဘောက အမေရိကန်မှာ iPhone တွေ ထုတ်လုပ်နိုင်တဲ့ အခြေအနေ မရှိတော့ဘူးလို့ ပြောတာပါပဲ။ စတိဗ်ဂျော့စ်ရဲ့ စကား နောက်ကွယ်မှာ အဓိပ္ပါယ်တွေ အများကြီး ရှိနိုင်ပါတယ်။
စက်ရုံတွေက တရုတ်နဲ့ အာရှဘက်တွေမှာ အထိုင်ကျပြီးသား။ နောက်ပြီး လိုသမျှ ပစ္စည်းအစိတ်အပိုင်း ၊ လုပ်သားအင်အားထုနဲ့ ကုန်ကျစရိတ်အရလည်း အမေရိကန်ထက် အပုံကြီး သက်သာမြန်ဆန်မယ်လို့ ဆိုလိုတာပါ။
သမ္မတတွေသာ တစ်ဆက်ပြီး တစ်ဆက်ပြောင်းသွားပေမယ့် "အမေရိကန်ထုတ် iPhone" အိပ်မက်တွေက တစ်ယောက်ပြီးတစ်ယောက် မက်နေဆဲလို့ ဆိုနိုင်ပါတယ်။ သမ္မတထရမ့်ဆို အမေရိကန်မှာ iPhone ထုတ်ဖို့ လုပ်သားအင်အားနဲ့ အရင်းအမြစ်တွေ ရှိတယ်လို့ ပြောပါတယ်။
တကယ်လို့ Apple သာ အမေရိကန်မှာ iPhone ထုတ်ဖို့ဆို စက်ရုံထောင်ဖို့တင် ဒေါ်လာဘီလျံဆယ်ချီ ကုန်ပါမယ်။ လုပ်ခလစာမြင့်တဲ့ အမေရိကန်အလုပ်သမားစရိတ်ပါ ထည့်တွက်ရင် တော်တော် မချောင်ပါဘူး။ Apple ဘက်က တစ်ခွန်းမှ မဟပေမယ့် Supply Chain ကျွမ်းကျင်သူတွေကတော့ အမေရိကန်မှာပဲ iPhone ထုတ်လုပ်မှု အစအဆုံးလုပ်ဖို့ မဖြစ်နိုင်ဘူးလို့ တွက်ပါတယ်။
Wednish က ဈေးကွက်ကျွမ်းကျင်သူ ဒန်အိုက်ဗ်စ်က အမေရိကန်ကို လက်ရှိ Supply Chain ရဲ့ ၁၀% ရွှေ့မယ်ဆိုရင်တောင် သုံးနှစ်အတွင်း ဒေါ်လာဘီလျံ ၃၀ ကုန်မယ်လို့ ပြောပါတယ်။ အမေရိကန်ထုတ် iPhone တစ်လုံးရဲ့ ဈေးက လက်ရှိပေါက်ဈေးထက် ၃ ဆ ကြီးသွားနိုင်ပါတယ်။
ဒန်အိုက်ဗ် တွက်သလိုဆို iPhone တစ်လုံး ဒေါ်လာ ၃၅၀၀ ဖြစ်သွားနိုင်ပါတယ်။ Apple ကတော့ ဒီအဖြစ်ကို အရောက်ခံမယ် မထင်ပါဘူး။ ဒီတော့ အမေရိကန်မှာ ထုတ်တဲ့ iPhone ကို မြင်ရဖို့ မရှိသေးဘဲ "Designed by Apple in California. Assembled in China" ဆိုတဲ့ label နဲ့ပဲ ဆက်သွားနေဖို့ ရှိပါတယ်။
လက်ရှိအနေအထားအရ Apple products တွေရဲ့ ၈၀% ကျော်က တရုတ်မှာ ထုတ်လုပ်ထားပေမယ့် ထရမ့်နဲ့ တရုတ်အကြား အပြန်အလှန်အခွန်ထိုးစစ်တွေကြောင့် နောက်နှစ်ထဲ အိန္ဒိယပြောင်းပြီး iPhone ထုတ်ဖို့ ကြံနေတယ်လို့ သတင်းထွက်နေပါတယ်။
