ရုရှားကို ကူညီဖို့ တပ်ဖွဲ့ဝင်တွေစေလွှတ်ခဲ့ကြောင်း မြောက်ကိုရီးယား ပထမဆုံးအကြိမ် အတည်ပြု
ပြုံးယမ်း၊ ဧပြီ ၂၈-၂၀၂၅
ရတီ(VOM)
ယူကရိန်းကိုတိုက်ခိုက်ဖို့ ရုရှားကို တပ်ဖွဲ့ဝင်တွေ စေလွှတ်ထားတယ်လို့ မြောက်ကိုရီးယားက ပထမဆုံးအကြိမ် အတည်ပြုပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားစစ်သားတွေဟာ ရုရှား ကာ့စ်နယ်စပ်ဒေသကို လုံး၀လွတ်မြောက်အောင် ကူညီပေးခဲ့တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို ကိုးကားပြီး နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ပြောပါတယ်။
တိုက်ပွဲတွေအတွင်း မြောက်ကိုရီးယားစစ်သားတွေရဲ့ သူရဲကောင်းဆန်မှုကို ရုရှားစစ်ဦးစီးချုပ် ဗယ်လရီဂါရာဆင်မော့ဗ်က ချီးကျုးပြီးနောက် ရက်ပိုင်းအကြာမှာ မြောက်ကိုရီးယားရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာဖြစ်ပြီး ဒါဟာ စစ်ပွဲမှာ ပါဝင်ပတ်သက်မှုကို မြောက်ကိုရီးယားက ပထမဆုံးအကြိမ် လူသိရှင်ကြား အသိအမှတ်ပြုလိုက်တာလည်း ဖြစ်ပါတယ်။
မြောက်ကိုရီးယားက ရုရှားကို စေလွှတ်လိုက်တဲ့ စစ်သား ၁၁၀၀၀ အနက် သုံးလအတွင်း တထောင်ကျော်သေဆုံးခဲ့တယ်လို့ အနောက်တိုင်းထောက်လှမ်းရေးတွေက ဆိုပါတယ်။ ရုရှားဟာ နိုင်ငံအနောက်ပိုင်း ကာ့စ်ဒေသကို အပြည့်အ၀ထိန်းချုပ်နိုင်ခဲ့ပြီလို့ ရုရှားက အခိုင်အမာဆိုပါတယ်။
အမေရိကန်ကတော့ ယူကရိန်စစ်ပွဲ သက်ဆိုးရှည်နေဖို့ ထောက်ပံ့ကူညီမှုတွေအတွက် မြောက်ကိုရီးယားမှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားတပ်တွေ စေလွှတ်မှုဟာ ရုရှားနဲ့ မြောက်ကိုရီးယားတို့အကြား အပြန်အလှန်ကာကွယ်ရေး သဘောတူညီချက်အရ ဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ပြောပါတယ်။
နောက်ထပ်လည်း ရုရှားစစ်တပ်ကို ဆက်လက်ကူညီမယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ကာ့စ်ဒေသတိုက်ပွဲတွေပြီးနောက်မှာ မြောက်ကိုရီးယားတပ်တွေအနေနဲ့ ရုရှားအတွက် ဘယ်နည်းဘယ်ပုံ ကူညီမယ်လဲ ဆိုတာကိုတော့ နိုင်ငံပိုင်သတင်းဌာနက အသေးစိတ်ဖော်ပြတာမရှိပါဘူး။
