#နိုင်ငံတကာသတင်း
◼ ကနေဒါ ၌လူ ၁၁ ဦး သေဆုံးခဲ့သော ကားဝင်တိုက်မှုမှ သံသယရှိသူကို တရားစွဲ
ကနေဒါနိုင်ငံ အနောက်ပိုင်း၊ ဗင်ကူးဗားမြို့တွင် ဖြစ်ပေါ်ခဲ့သော လမ်းမထက်ပွဲတော်တစ်ခုမှလူများအား ကားဖြင့်ဝင်တိုက်ခဲ့မှုတွင် ပါဝင်ပတ်သက်ခဲ့သည့် အသက် ၃၀ အရွယ်အမျိုုးသားတစ်ဦးအား ကြိုတင်မကြံစည်သောလူသတ်မှု ရှစ်ခုဖြင့် တရားစွဲဆိုလိုက်ကြောင်း သိရသည်။
ဖိလစ်ပိုင် ယဉ်ကျေးမှုပွဲတော် တိုက်ခိုက်မှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ကာ အခြားလူအများအပြားလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သေဆုံးခဲ့သူများကိုအတည်ပြုရန် ရဲတပ်ဖွဲ့ က ဆက်လက်ဖော်ထုတ်နေဆဲဖြစ်ကာ ဗင်ကူးဗားမြို့သား ကိုင်ဂျီအဒမ်လို အား လူသေမှုများဖြင့် ထပ်မံတရားစွဲသွားနိုင်ကြောင်း ရဲတပ်ဖွဲ့ က ပြောကြားသည်။
ယင်းတိုက်ခိုက်မှုမတိုင်မီ သံသယရှိသူအား ရဲတပ်ဖွဲ့ က သိရှိထားကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားပြီး အစွန်းရောက်ရည်ရွယ်ချက်များရှိနိုင်ကြောင်းကို ပယ်ချခဲ့ပြီး ၎င်း၏ စိတ်ကျန်း မာရေး ရာဇဝင် ကိုသာထောက်ပြခဲ့ကြသည်။
လာပူ လာပူ ပွဲတော် ကျင်းပသူများကလည်း ဗင်ကူးဗားမြို့မှ ဖိလစ်ပိုင် အသိုင်းအဝိုင်းတွင် ယင်းအဖြစ်အပျက်ကို နှစ်ပေါင်းများစွာ ခံစားကြရမည်ဖြစ်ကြောင်း နှင့် မိမိတို့အားလုံးလည်း ဝမ်းနည်းပူဆွေးနေကြကြောင်း ပြောကြားသည်။
ကားတိုက်မှုအတွင်း သေဆုံးသူများတွင် အသက် ၅ နှစ်မှ ၆၅ နှစ်အထိ အရွယ်စုံပါဝင်ကြောင်း စောစောပိုင်းတွင် ရဲတပ်ဖွဲ့ က ပြောကြားသော်လည်း ၎င်းတို့မည်သူမည်ဝါဖြစ်သည်ကို ထုတ်ဖော်မပြောခဲ့ပေ။
ကားတစ်စီးက လမ်းတစ်လျှောက်လုံး မောင်းဝင်သွားခဲ့ပြီး တွေ့သမျှလူတိုင်းကို ဝင်တိုက်သွားခဲ့ကြောင်း မျက်မြင်သက်သေ ဒေသခံတစ်ဦးဖြစ်သူ အဘီဂေးလ်အန်ဒီဆိုက ပြောကြားသည်။
“လူတစ်ယောက်သေနေတာ တွေ့တယ်။နောက်တစ်ယောက် လဲကျနေတယ်။ ကားမောင်းဝင်သွားတဲ့ လမ်းအတိုင်း ကျွန်တော်လိုက်ကြည့်လိုက်သော ထိခိုက်ထားတဲ့ လူတွေ အများကြီး ထပ်တွေ့တယ်။ အယောက် ၂၀ လောက်တော့ ရှိမယ်ထင်တယ် ။ လူတိုင်းက ထိတ်လန့်တုန်လှုပ်နေကြပြီး အော်ဟစ်နေကြတယ်။” ဟု ၎င်းက ဆက်ပြောသည်။
အခင်းဖြစ်ရာနေရာ၌ ယမန်နေ့တွင်လူများက ပန်းစည်းများ လာရောက်ချထားနေကြသည်ကို တွေ့ရသည်။
ယင်းဖြစ်ရပ်မှာ ဗင်ကူးဗားမြို့အတွက် အမှောင်မိုက်ဆုံး နေရက်ဖြစ်ကြောင်း ဗင်ကူးဗားမြို့ ရဲတပ်ဖွဲ့ ယာယီအကြီးအကဲ စတိဗ်ရိုင် က ပြောကြားသည်။
ကားတိုက်မှုတွင် လူ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပြီး အချို့မှာ ဒဏ်ရာပြင်းထန်ကြောင်းနှင့်ရှေ့လာမည့် ရက်များ ၊ သီတင်းပတ်များတွင် သေဆုံးသူတိုးလာနိုင်ကြောင်း စတိဗ်ရိုင်က ပြောကြားသည်။
ဗင်ကူးဗားမြို့တွင် ဖိလစ်ပိုင်မျိုးနွယ် ကနေဒါနိုင်ငံသား ၁၄၀ ၀၀၀ ဦး ခန့် နေထိုင်လျက်ရှိကြောင်း သိရသည်။
သတင်း-ရဲမင်
