3 ရက် - ဘာသာပြန်ပါ။

ငြိမ်သက်နေဆဲ ထိပ်တန်းလိုက်ဝိတ်
ဘောက်ဆင်မှာဆိုရင် ဝယ်တာဝိတ်နဲ့ လိုက်မစ်ဒယ်ဝိတ်တန်းက မြိုင်ဆိုင်သလို UFC အဖွဲ့အစည်းမှာ လိုက်ဝိတ်တန်းက အစည်ကားဆုံးပဲ။ Max Holloway နဲ့ Ilia Topuria တို့ တက်လာလိုက်တာ လိုက်ဝိတ်တန်းက ပိုမြိုင်သွားတယ်။ ဘာဖြစ်လို့ မြိုင်ဆိုင်တာလဲ။ ကြီးလွန်းရင်လည်း လူနည်းသလို သေးလွန်းရင်လည်း လူနည်းတာပဲ။ (၁၅၅) ပေါင်ဆိုတော့ မကြီးလွန်း၊ မသေးလွန်းဖြစ်နေတာပါ။
UFC အဖွဲ့အစည်းရဲ့ လိုက်ဝိတ်တန်းက တွဲဆိုင်းသတင်းမကြားရတာ ကြာပြီ။ Paddy Pimblett နဲ့ Michael Chandler တို့က မကြာသေးခင်ကမှ ပွဲထိုးထားတာမို့ ထားလိုက်ပါ။ ပိုလန်ဖိုက်တာ Mateusz Gamrot က ပွဲရသွားပြီ။ ပြိုင်ဘက်က ဆလိုဗားကီးယားဖိုက်တာ Ludovit Klein ပါတဲ့။ Rafael Fiziev နဲ့ Ignacio Bahamondes တို့လည်း ပွဲဖြစ်သွားပြီ။
အလယ်အလတ်တန်းစား ဖိုက်တာတွေက ပွဲရသွားပေမယ့် ထိပ်တန်းဖိုက်တာတွေ ငြိမ်ချက်သားကောင်းနေတယ်။ ဒီအချိန်မှာ Islam Makhachev နဲ့ Ilia Topuria တို့က လှုပ်ခတ်နေလို့သာ လိုက်ဝိတ်တန်းက အသက်ဝင်နေတာပါ။ မဟုတ်ရင် ငြိမ်ချက်သားကောင်းနေမယ်။ Max Holloway က ဘာမှန်းမသိရသေးဘူး။ ပွဲသတင်းလည်း မကြားရဘူး။
ချန်ပီယံလုခွင့်ရပေမယ့် နောက်ကျောဒဏ်ရာကြောင့် နှုတ်ထွက်သွားရတဲ့ Arman Tsarukyan က ရေငုပ်ထိုးနေတယ်။ ပွဲသတင်းဆိုတာ ဘာမှန်းကို မသိရသေးဘူး။ Charles Oliveira ကလည်း ချန်ပီယံလုခွင့်လိုချင်တယ်လို့သာ ပြောနေတာပါ။ ပွဲက ဘာမှန်းမသိသေးပါဘူး။ ကြေးစားနောက်ဆုံးပွဲကို မွေးရပ်မြေ လူဝီစီယားနားပြည်နယ်မှာ ကစားချင်တယ်လို့ တောင်းဆိုထားတဲ့ Dustin Poirier လည်း ပွဲမဖြစ်သေးဘူး။ UFC 318 ပြိုင်ပွဲမှာ Dustin Poirier နဲ့ Max Holloway တို့ကို တည်ထားတယ်လို့ သတင်းထွက်ဖူးပေမယ့် တရားဝင်မဟုတ်သေးဘူး။
(၃) ပွဲဆက်နိုင်ထားပြီး စန်းတက်လာတဲ့ Dan Hooker လည်း ပွဲသတင်းမကြားရပါဘူး။ ထိပ်တန်းတော်တော်များများက ပွဲမရကြသေးတာပါ။ Beneil Dariush လည်း ငြိမ်ချက်သားကောင်းနေတယ်။ ငြိမ်သက်လွန်းရင်လည်း ကြည့်မကောင်းဘူး။ အခုလိုငြိမ်နေပေမယ့် နောက်ပိုင်းမှာ လှုပ်လာနိုင်တယ်။ ကြေညာပြီဆိုရင်လည်း ထိပ်တန်းလိုက်ဝိတ်တွဲဆိုင်းတွေကို အပြိုင်ထုတ်ပြဖို့များတယ်။ အခုဟာက တော်တော်လေးကို ငြိမ်နေတာပါ။

image