3 ရက် - ဘာသာပြန်ပါ။

၁၉၆၄ ခုနှစ်မှာ အမေရိကန်နိုင်ငံက ငါးဖမ်းသမားတစ်ယောက်ဟာ အလေးချိန် ပေါင် ၄၅၀၀ ဝန်းကျင်ရှိတဲ့ ငါးမန်းဖြူကြီးတစ်ကောင်ကို ဖမ်းမိခဲ့တယ်။ ငယ်ငယ်က အဖေနဲ့ အစ်ကိုနဲ့အတူ ငါးမန်းမျှားထွက်ဖူးလေ့ရှိတဲ့ စာရေးဆရာ Peter Benchley က အဲ့ဒီငါးမန်းဖြူဖမ်းမိတဲ့အကြောင်းကို သတင်းစာထဲမှာ ဖတ်ဖြစ်တော့ “တကယ်လို့သာ ငမန်းတစ်ကောင်က ကမ်းခြေတစ်ခုမှာ သားကောင်လိုက်ရှာခဲ့ရင်” ဆိုပြီး စိတ်ကူးယဥ်ပါရော။ ဒီလိုနဲ့ ၁၉၇၁ ခုနှစ်အရောက်မှာ ပုံနှိပ်တိုက်တစ်တိုက်ကိုသွားပြီး အဲ့ဒီဇာတ်လမ်းကို ပြောပြကြည့်တယ်။ ပုံနှိပ်တိုက်က ဇာတ်လမ်းကိုသဘောကျသွားပြီး စာအုပ်ထုတ်ခွင့်ပေးခဲ့တယ်။ စာအုပ်နာမည်အတွက် လျာထားတဲ့ ခေါင်းစဥ်က ၃ ခု။ “ငြိမ်သက်နေသောရေပြင်”၊ “နိုးထလာသော ဧရာမပင်လယ်သတ္တဝါ”၊ “ပါးစပ်ကြီး”။ နောက်ဆုံးမှာ “ပါးစပ်ကြီး (Jaws)” ဆိုတဲ့ခေါင်းစဥ်က အတည်ဖြစ်သွားခဲ့တယ်။​
Jaws ဝတ္ထုဟာ အဲ့ဒီအချိန်အခါက ရောင်းအားအကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်ခဲ့ပြီး ထုတ်လုပ်သူ ၂ ယောက်ဖြစ်တဲ့ Richard Zanuck နဲ့ David Brown တို့က စာအုပ်ကို ရုပ်ရှင်အဖြစ်ပြောင်းလဲဖို့ မူပိုင်ခွင့်ဝယ်ခဲ့ကြတယ်။ ဖြစ်ချင်တော့ ဒီထုတ်လုပ်သူ ၂ ယောက်နဲ့အတူ သူ့ရဲ့ ပထမဆုံးပွဲဦးထွက် ရုံတင်ရုပ်ရှင်ဖြစ်တဲ့ The Sugarland Express ကိုရိုက်နေသူက တက်သစ်စလူငယ်ဒါရိုက်တာလေး Steven Spielberg ဖြစ်နေတယ်။ တစ်နေ့မှာ Richard တို့နဲ့ အစည်းအဝေးလုပ်နေရင်း Spielberg တစ်ယောက် Richard စားပွဲပေါ်မှာ Jaws ဝတ္ထုကို သတိထားမိပြီး ကောက်ယူလိုက်တယ်။ “ကျုပ် ဒီစာအုပ်ကို တစ်ခုခုဖြစ်လာအောင် ရိုက်နိုင်မယ်ထင်တာပဲ” တဲ့။ ဒီလိုနဲ့ ၂၆ နှစ်သားအရွယ် Steven Spielberg ဟာ Jaws ဝတ္ထုကို ရုပ်ရှင်အဖြစ် ဖန်တီးဖို့ အကြောင်းဖန်လာတော့တယ်။
ဒီရုပ်ရှင်ဟာ ထုတ်လုပ်ရေးအကြိုအဆင့်ကတည်းက အဆင်ပြေချောမွေ့ခဲ့တာတော့မဟုတ်ဘူး။ Spielberg က Jaws ဝတ္ထုကို ကြိုက်တယ်ဆိုပေမယ့် သူက ငါးမန်းကြီးကို လိုက်ဖမ်းဖို့ကြိုးစားတဲ့ အခန်း ၃၊ နောက်ဆုံး စာမျက်နှာ ၁၂၀ လောက်ကိုပဲ ဟုတ်တိပတ်တိကြိုက်ခဲ့တယ်။ အရှေ့က အခန်း ၁ နဲ့ ၂ ကို မကြိုက်လှဘူး။ အထူးသဖြင့် Hooper နဲ့ Ellen တို့ ဖောက်ပြန်ခဲ့တယ်ဆိုတဲ့အပိုင်းကို Spielberg က လုံးဝဘဝင်မကျဘူး။ ပြီးတော့ စာအုပ်ထဲမှာ ငါးမန်းကြီးက မှိန်းပစ်ခံရတဲ့ဒဏ်ရာတွေကြောင့် အနိစ္စရောက်သွားပေမယ့် Spielberg က ရုပ်ရှင်အတွက်ဆို ဒီလိုဇာတ်သိမ်းဟာ စိတ်ပျက်စရာကောင်းလိမ့်မယ်လို့ ယူဆတယ်။ ဒီတော့ ဇာတ်လမ်းကို သူပြင်ချင်သလို ပြင်ခွင့်ရမှ ရိုက်မယ်လို့ သဘောတူညီချက်ယူပြီး ဇာတ်ညွှန်းပြင်ရေးပေးမယ့် လူမိုက်တွေစငှားတော့တာပဲ။ အဲ့ဒီလူမိုက်တွေကတော့ Carl Gottlieb နဲ့ John Milius လို့ခေါ်ပါတယ်။
တကယ်တော့ Spielberg လက်ထဲမှာ ဝတ္ထုလက်ရာရှင် Peter Benchley ရေးပေးထားတဲ့ ဇာတ်ညွှန်းအကြမ်းရှိနေပြီးသား။ အပေါ်မှာပြောခဲ့တဲ့အတိုင်း သူပြင်ချင်တဲ့အပိုင်းတွေကို Spielberg က Carl အားကိုးနဲ့ အားရပါးရပြင်တယ်။ John Milius ကတော့ တစ်ခန်းပဲဝင်ရေးတယ်။ ဒါပေမယ့် အဲ့ဒီအခန်းက ရုပ်ရှင်တစ်ကားလုံးမှာ အသက်အဝင်ဆုံးဖြစ်တဲ့ USS Indianapolis သင်္ဘောကြီးအကြောင်းပြောတဲ့ဇာတ်ဝင်ခန်းပါပဲ။ Jaws ရုပ်ရှင်ရိုက်နေတဲ့ခေတ်ကာလတုန်းက Spielberg, George Lucas, Francis Ford Coppola, John Milius တို့က တစ်ယောက်နဲ့တစ်ယောက် သူ့ကားကိုယ်ဝင်ကူ၊ ကိုယ့်ကားသူဝင်ကူလေ့ရှိကြတယ်။ လိုအပ်တာတွေ ဝင်ဖြည့်ပေးကြတာပေါ့။ Spielberg က တစ်နေ့ကျ John Milius ကိုဖုန်းခေါ်ပြီး အပူကပ်တယ်။ Quint ဇာတ်ကောင်က ဘာကြောင့် ငါးမန်းတွေကို ခါးခါးသီးသီးမုန်းရသလဲဆိုတဲ့ အကြောင်းအရင်းကို ပြဖို့ရာ အခက်တွေ့နေသတဲ့။ John Milius က ခဏစဥ်းစားပြီး ဖုန်းထဲကနေပဲ ဇာတ်ညွှန်းကို USS Indianapolis သင်္ဘောကြီးနစ်မြုပ်တုန်းကအကြောင်းနဲ့ ချိတ်ပေးလိုက်တယ်။ နောက်တစ်ခါဖုန်းပြောကြတော့ အချောသတ်ပြီးသွားကြပြီ။ အဲ့ဒီဇာတ်ဝင်ခန်းဟာ ငါးမန်းတစ်ကောင်မှ မပြဘဲ သရုပ်ဆောင်ရဲ့ပြောစကားနဲ့တင် သူဟာ ဘာကြောင့် ငါးမန်းတွေကို မုန်းရကြောင်း ပေါ်လွင်သွားတယ်။ ပရိသတ်တွေကို စိတ်ကူးနဲ့ ပုံဖော်ဖို့ အလုပ်ပေးရာလည်းကျခဲ့တယ်။ တစ်နည်းအားဖြင့် ရုပ်ရှင်တစ်ကားလုံးရဲ့ အသက်အပါဆုံး monologue ကို Spielberg နဲ့ John Milius ဖုန်း ၂ ခါပဲပြောပြီး ပြင်ရေးလိုက်ကြတာပေါ့။​
ဒါပေမယ့် လူမိုက်တွေခေါ်ပြီး ဇာတ်ညွှန်းပြောင်းထားတဲ့ Spielberg နဲ့ စာရေးဆရာ Peter Benchley တို့က မကြာခဏဆိုသလို ရိုက်ကွင်းပေါ်မှာ အချေအတင်ဖြစ်ကြတယ်။ Peter က ငါးမန်းကြီးကို နောက်ဆုံးမှာ ဖောက်ခွဲပြလိုက်တာ ပရိသတ်တွေကြိုက်မှာမဟုတ်ဘူးလို့ ယူဆတယ်။ Jaws ရုပ်ရှင်ထွက်လာအပြီးမှာ ငါးမန်းတွေကို ပရိသတ်တွေက ကြောက်စရာသတ္တဝါအဖြစ် မြင်သွားကြလို့ နောင်တရပြီး ငါးမန်းမျိုးစိတ်ထိန်းသိမ်းရေးအတွက် တက်ကြွလှုပ်ရှားသူတစ်ယောက် ဖြစ်လာခဲ့တယ်။ Spielberg ကိုလည်း “ဟောလိဝုဒ်ရဲ့ အကောင်းဆုံး ဒုတိယတန်းစား ဒါရိုက်တာပဲဖြစ်မယ့်ကောင်” လို့ ပြောခဲ့ဖူးတယ်။ နောက်တော့ “ကျုပ် အဲ့လိုပြောမိတာ ကံခေတာပဲ” လို့ ပြန်ပြောခဲ့ဖူးပါရဲ့။
Spielberg တစ်ယောက် အခက်တွေ့တာ ဇာတ်ညွှန်းတင်မဟုတ်ခဲ့ဘူး။ ငါးမန်းကိုယ်တိုင်ကလည်း အတော်လေး ဒုက္ခပေးခဲ့တယ်။ ရီမုနဲ့ထိန်းလို့ရတဲ့ ငါးမန်းစက်ရုပ် ၃ ရုပ်က ခဏခဏပျက်တယ်။​ ၃ ရုပ်ပေါင်း ဒေါ်လာ ၅ သိန်းလောက်တန်တဲ့ စက်ရုပ်တွေ ပျက်လွန်းလို့ Spielberg ခမျာ ငါးမန်းကို ကြာကြာပြလို့မရဘူးဆိုတာ လက်ခံလိုက်ရပြီး သည်းထိပ်ရင်ဖိုရုပ်ရှင်တွေရဲ့ ဂုရုကြီး ဒါရိုက်တာ Alfred Hitchcock ရဲ့ ရုပ်ရှင်တွေလို ပြန်ချဥ်းကပ်ရတယ်။ ဘယ်လိုလုပ်သလဲဆို ရေထဲမှာ ငါးမန်းရှိနေကြောင်း တစ်ခန်းစ၊ နှစ်ခန်းစလောက်သာ အရင်ပြပြီး အလယ်ပိုင်းတွေမှာ John Williams ရဲ့ ကမ္ဘာကျော်တီးလုံးကြီးဝင်ချလာလိုက်၊ ငါးမန်းဆူးတောင်လေးပေါ်လာလိုက်နဲ့ လှည့်စားရတာပဲ။ ဒါနဲ့ပတ်သက်ပြီး Terminator 1 နဲ့ 2, Aliens, Jurassic Park, The Shape of Water တို့မှာ အထူးပြုလုပ်ချက်အပိုင်းကို တာဝန်ယူခဲ့ဖူးတဲ့ Shane Mahan ဆိုသူက “ခင်ဗျား အဲ့ခေတ်အဲ့အခါမှာ ရေထဲတကယ်သွားလို့ရတဲ့ ၂၅ ပေအရွယ် စက်ရုပ်တစ်ရုပ်ကို ၆ လအချိန်ပေးပြီး လုပ်ပြခိုင်းကြည့်စမ်းပါ၊ Jaws လောက် သပ်ရပ်မှာမဟုတ်ဘူး” လို့ ချီးကျူးခဲ့ဖူးတယ်။ Jaws ရုပ်ရှင်အတွက် Spielberg တစ်ယောက် ကွန်ပြူတာအထူးပြုလုပ်ချက်တွေမသုံးဘဲ တကယ့်ငါးမန်းနဲ့ပုံစံတူတဲ့ စက်ရုပ်ကို သုံးဖို့ ရွေးချယ်

image