မြန်မာနိုင်ငံမှာ အဓိကလူသုံးများတဲ့ ဆိုရှယ်မီဒီယာ ၃ ခုဖြစ်တဲ့ Facebook, TikTok နဲ့ YouTube တို့မှာ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကစပြီး ရုပ်ရှင်တွေကို ၅ မိနစ်ကနေ ၁၅ မိနစ်အတွင်း အတိုချုံးပြောပြတဲ့ Movie Recap တွေ ခေတ်စားလာတာ သတိထားမိကြမှာပါ။ ဒီအရွေ့ဟာ မြန်မာနိုင်ငံက ရုပ်ရှင်ကြည့်ရှုသူအများစုရဲ့ ရုပ်ရှင်ကြည့်ပုံကြည့်နည်းကို တစ်နည်းတစ်ဖုံပြောင်းလဲလာခဲ့သလို ရုပ်ရှင်ဆိုတဲ့ အနုပညာအပေါ် ရှုမြင်ပုံလည်း အနည်းနဲ့အများ ပြောင်းလဲလာခဲ့ပါတယ်။ ဒီနေ့ညခင်းမှာတော့ Movie Recap တွေ ဘာကြောင့်ရေပန်းစားလာသလဲ၊ သူတို့မှာ ဘာကောင်းကျိုး/ဆိုးကျိုးတွေရှိသလဲ၊ ဘယ်သူတွေနဲ့ ဘယ်အခြေအနေတွေမှာ ဒီကွန်းတန့်တွေကို စားသုံးသင့်သလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။
Movie Recap တွေကို ကြည့်ရှုနှုန်းပိုမိုမြင့်တက်လာတဲ့ အဓိကအချက်ကတော့ ရုပ်ရှင်ကြည့်ဖို့ အချိန်လုလာရတာကြောင့်ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ပြည်တွင်းက စစ်ကောင်စီနဲ့မကင်းရှင်းတဲ့ ရုပ်ရှင်ရုံတွေကို သပိတ်မှောက်ကြတာနဲ့အတူ ပြည်သူတွေရဲ့ အပန်းဖြေစရာနေရာတစ်ခု လျော့နည်းသွားပြီး အဲ့ဒီနေရာမှာ ရုပ်ရှင်ကြည့်တာမဟုတ်တဲ့ အခြားအပန်းဖြေနည်းပုံစံတွေက အစားထိုးဝင်ရောက်လာခဲ့ပါတယ်။ ဒါ့အပြင် လျှပ်စစ်မီးမမှန်တာ၊ အင်တာနက်လိုင်းမကောင်းတာ၊ ငွေကြေးဖောင်းပွမှုနဲ့ ဝင်ငွေအကြပ်အတည်းတွေကြောင့် အလုပ်လုပ်ကိုင်ချိန် တိုးမြင့်လာတာတွေဟာ ရုပ်ရှင်ကြည့်အပန်းဖြေချိန် လျော့နည်းသွားစေဖို့ အကြောင်းဖန်လာစေတဲ့ ရေသောက်မြစ်တွေလို့ပြောရင် မမှားပါဘူး။
အပန်းဖြေချိန်အတွက် အချိန်လုနေရတာနဲ့အတူ Instagram Reel, TikTok နဲ့ YouTube Short တို့ရဲ့ အားကောင်းလာမှု၊ တနည်းအားဖြင့် ဆိုရှယ်မီဒီယာပလက်ဖောင်းတွေရဲ့ ရေစီးကြောင်းပြောင်းလဲလာမှုကလည်း Movie Recap တွေလို ကွန်းတန့်အတိုပုံစံ (Short Form Content) တွေ ရေပန်းစားလာစေဖို့ လမ်းခင်းပေးနေပါတယ်။ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေဟာ သုံးစွဲသူတွေကို သူတို့ရဲ့ ပလက်ဖောင်းပေါ်မှာ ကြာကြာရှိနေစေဖို့အတွက် အာရုံလွင့်ပြယ်မသွားအောင် အကြောင်းအရာမတူညီတဲ့ ကွန်းတန့်အသစ်တွေ ဆက်တိုက်ပြသပေးပြီး အာရုံကို ဖမ်းစားကြပါတယ်။ ဒါကြောင့် ဒီပလက်ဖောင်းတွေဟာ အနည်းဆုံး မိနစ် ၂၀ ကနေ ၁ နာရီကျော်အထိ ရှည်လျားတဲ့ ကွန်းတန့်အရှည်တွေထက် ၁ မိနစ်ကနေ ၇ မိနစ် (အလွန်ဆုံး ၁၀ မိနစ်) သာကြာတဲ့ ကွန်းတန့်အတိုတွေကို ပိုမိုအားပေးလာခဲ့ကြတယ်။ ယခုနောက်ပိုင်းမှာ လူတွေဟာ အာရုံကြာကြာစူးစိုက်နိုင်စွမ်း လျော့နည်းလာတာက ဒီရေစီးကြောင်းအပြောင်းအလဲကို အရှိန်ပိုမြှင့်ပေးခဲ့ပြီး Movie Recap တွေဟာ ဆိုရှယ်မီဒီယာအကြိုက် လိုက်နိုင်တဲ့ ကွန်းတန့်တွေဖြစ်လာကြပါတယ်။
ဒီကွန်းတန့်တွေကို ကြည့်ရှုမှု ပိုမိုမြင့်တက်လာစေတာကတော့ ဆိုရှယ်မီဒီယာရဲ့ နောက်ထပ်လှုံ့ဆော်မှုတစ်ခုဖြစ်တဲ့ FOMO ဖြစ်ပါတယ်။ FOMO ဆိုတာ လူပြောများနေတဲ့အကြောင်းအရာတစ်ခုကို ကိုယ်မသိလိုက်မှာစိုးရိမ်တာ (Fear Of Missing Out) ဖြစ်ပြီး FOMO ဖြစ်ခြင်းဟာ ကွန်းတန့်တွေကို အလောတလျင်ကြည့်ရှုစားသုံးဖို့ အားပေးရာကျပါတယ်။ မြန်မာအခေါ် “ပွဲ” လွတ်မှာကြောက်တာမျိုးပေါ့။ ဥပမာ - ယခင်လနှောင်းပိုင်းမှာ Netflix ကထွက်ရှိတဲ့ Adolescne စီးရီးအကြောင်း Facebook မှာ ဆရာဝန်တွေ၊ သားသမီးရှင်မိဘတွေနဲ့ ရုပ်ရှင်ဝါသနာရှင်တွေကြား စီးရီးအပေါ် လူစိတ်ဝင်စားမှုနှုန်းမြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် အကယ်၍ ကိုယ်က ဒီစီးရီးကို ကြည့်ရှုဖို့ အချိန်မပေးနိုင်ပေမယ့် Facebook ပေါ်က Adolescene စီးရီးနဲ့ Gen Alpha ကလေးတွေအကြောင်း စကားဝိုင်းတွေမှာ ပါဝင်ပြောဆိုချင်တဲ့အခါ ဒီစီးရီးအကြောင်း Movie Recap ကို ကြည့်ရှုလိုက်မယ်ဆိုရင် အနည်းဆုံးတော့ စီးရီးရဲ့ ဇာတ်လမ်းအကြောင်း “အကြမ်းဖျင်း” သိသွားမှာပါပဲ။
Movie Recap တွေဟာ ရုပ်ရှင်ကားတစ်ကားကို အင်တာနက်ပေါ်မှာ ရှာလိုက်ရင် ထိပ်ဆုံး ၃ ခုလောက်မှာ ရှိနေတတ်တဲ့ Wikipedia စာမျက်နှာထဲက Plot (ဇာတ်လမ်း) အပိုင်းနဲ့ တူပါတယ်။ အဲ့ဒီမှာ ရုပ်ရှင်ရဲ့ ဖြစ်ကြောင်းကုန်စဥ်အားလုံးကို အလွန်ဆုံး ၃ ပိုဒ်က ၅ ပိုဒ်အတွင်း ရေးသားထားပြီး “စမှတ်” ကနေ “ဆုံးမှတ်” ကို သွားပြတဲ့ပုံစံနဲ့ ဆင်ပါတယ်။ Movie Recap တွေဟာလည်း ၅ မိနစ်ကနေ ၁၅ မိနစ်အတွင်း ရုပ်ရှင်အစအဆုံးကို ခပ်မြန်မြန်ပြောပြပြီး ရုပ်ရှင်ထဲက အဓိကအဖြစ်အပျက်တွေအားလုံး ခြုံမိအောင် ကြိုးစားကြရပါတယ်။ ဒါပေမယ့် Movie Recap တွေဟာ ဇာတ်ကောင်တွေရဲ့ စိတ်နေစိတ်ထားနဲ့ ခံယူချက်တွေအကြောင်း၊ ဇာတ်လမ်းကပေးတဲ့ ခံစားချက်တွေနဲ့ အာဘော်တွေအကြောင်း ပြောပြတာကို မတွေ့ရပါဘူး။​
ဒါဟာ Movie Recap တွေရဲ့ အဓိကအားနည်းချက်ပဲဖြစ်ပါတယ်။ ဥပမာ - သရဲကားတစ်ကားကို ၅ မိနစ်အတွင်း အတိုချုံးပြောပြမယ်ဆိုပါစို့။ ပြောပြတဲ့ ဗီဒီယိုမှာ သရဲဘယ်လောက်ခြောက်ကြောင်း ပါမှာသေချာပေမယ့် ရုပ်ရှင်ထဲမှာ မထင်မှတ်ထားတဲ့အချိန် သရဲခြောက်လိုက်တဲ့အခါ ရုပ်ရှင်ကြည့်သူရဲ့ ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကိုတော့ တုပပြောဆိုနိုင်မှာမဟုတ်ပါဘူး။ သည်းထိပ်ရင်ဖိုရုပ်ရှင်တွေကို ပြောတဲ့အခါမှာလည်း “ထိုင်ခုံအောက်မှာ ဗုံးတစ်လုံးရှိနေကြောင်း” Movie Recap မှာ ပြောပြနိုင်ပေမယ့် ဒီဗုံးရှိိတာကို ကိုယ်သာသိရပြီး ရုပ်ရှင်ထဲက ဇာတ်ကောင်က မသိတဲ့ ရင်တထိတ်ထိတ်ခံစားချက်ကို တုပပြောဆိုနိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် Movie Recap တွေဟာ ပရိသတ်မထင်မှတ်ထားတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေ၊ ဧည့်သည်သရုပ်ဆောင်ထည့်သွင်းထားမှုတွေ၊ အသက်ပါတဲ့ဒိုင်ယာလော့ဂ်တွေနဲ့ သရုပ်ဆောင်ဟန်တွေကို “စမှတ်နဲ့ ဆုံးမှတ်ကြားက အဖြစ်အပျက်တစ်ခု” အနေနဲ့သာ ဖော်ပြနိုင်ပြီး ရုပ်ရှင်ခံစားသက်ဝင်မှုရဲ့ အနှစ်သာရကို တန်ဖိုးလျော့ကျသွားစေပါတယ်။ တခါတရံမှာ ကိုယ်မကြည့်ဖူးသေးတဲ့ ရုပ်ရှင်ကားတစ်ကားကို Movie Recap နဲ့ပဲကြည့်ရှုလိုက်တဲ့အခါ အဲ့ဒီရုပ်ရှင် တကယ်ကောင်း၊ မကောင်းနဲ့ ကိုယ့်အကြိုက် ဖြစ်၊ မဖြစ် ဆုံးဖြတ်နိုင်ဖို့ ခက်ခဲသွားတာကိုလည်း ဂရုပြုရမှာဖြစ်ပါတယ်။ Movie Recap တွေဟာ တနည်းအားဖြင့် ရုပ်ရှင်တစ်ကားကို အစ၊ အလယ်၊ အဆုံး ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ရတာနဲ့မတူဘဲ ရုပ်ရှင်အကြောင်း သူများပြောပြနေတာကို အမြန်ထိုင်နားထောင်ရတာနဲ့ ပိုတူပါတယ်။ Movie Recap တွေကို ကြည့်ရှုမှုများလာတာနဲ့အတူ ရုပ်ရှင်ကို ခံစားချက်တွေ၊ အတွေးအခေါ်တွေနဲ့ ဖျော်ဖြေမှုရသတွေ ဖလှယ်ကြတဲ့ အနုပညာကြားခံနယ်တစ်ခုအနေနဲ့ မမြင်တော့ဘဲ စမှတ်

image