သရုပ်ဆောင်တစ်ယောက်ကို ပရိသတ်က စီးရီးတစ်ခုခုနဲ့ တွဲမြင်သွားပြီဆိုရင် အဲ့ဒီသရုပ်ဆောင်ဟာ ရုပ်ရှင်ကားတွေမှာ ပါဝင်ခွင့်ရဖို့ အလားအလာအတော်လေးနည်းသွားပါပြီ။ ဥပမာ - Supernatural ရဲ့ Dean သရုပ်ဆောင် Jensen Ackles၊ Breaking Bad ရဲ့Jesse Pinkman သရုပ်ဆောင် Aaron Paul၊ The Big Bang Theory စီးရီးရဲ့ Sheldon Cooper သရုပ်ဆောင် Jim Parsons နဲ့ Penny သရုပ်ဆောင် Kaley Cucuo တို့ဟာ ပရိသတ်တွေရဲ့ သည်းခြေခိုက်စီးရီးဇာတ်ကောင်တွေဖြစ်လာအောင် အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့ကြပေမယ့် ဒီအောင်မြင်မှုကြောင့်ပဲ သူတို့တွေဟာ ရုံတင်ရုပ်ရှင်ကားကြီးတွေ၊ ရုပ်ရှင်ပရောဂျက်ကြီးတွေမှာ အခြားသရုပ်ဆောင်တွေလောက် အမြဲတစေ ပါဝင်ခွင့် မရကြပါဘူး။
Jensen Ackles ဆိုရင် ဆယ်စုနှစ် ၃ စုနည်းပါး စီးရီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး Supernatural စီးရီးအတွက် အတွဲ ၁၅ တွဲအထိ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ရုပ်ရှင်ကားကြီးတွေမှာ “လုံလောက်တဲ့အခန်းကဏ္ဍ” တစ်ခုအနေနဲ့ အခုအချိန်အထိ မမြင်တွေ့ရသေးဘဲ The Boys စီးရီးနဲ့ DC အန်နမေးရှင်းရုပ်ရှင်တွေမှာ အသံသရုပ်ဆောင်အဖြစ် ရံဖန်ရံခါ ကြည့်ရှုအားပေးရပါသေးတယ်။ Aaron Paul ဆိုရင် ခေါင်းဆောင်မင်းသားအဖြစ် Need for Speed ရုပ်ရှင်မှာသာ ပါဝင်ခဲ့ဖူးသေးပြီး မျှော်မှန်းထားသလောက် မအောင်မြင်ခဲ့ပါဘူး။ Jim Parsons ဟာလည်း Hidden Figures ရုပ်ရှင်မှာ ဇာတ်ပို့အဖြစ်၊ Home အန်နမေးရှင်းရုပ်ရှင်မှာ ဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးပြီး အရှေ့က ၂ ယောက်ထက် ရုပ်ရှင်ပရောဂျက်တွေပိုရှိခဲ့တယ်ဆိုပေမယ့် သူ့ရဲ့ Sheldon Cooper ဇာတ်ကောင်လောင်းရိပ်အောက်က မရုန်းထွက်နိုင်သေးပါဘူး။
အခုလို နာမည်ကျော်စီးရီးသရုပ်ဆောင်တွေ ပိတ်ကားပေါ်ရောက်လာဖို့ ရုန်းကန်ရတဲ့ အကြောင်းအရင်းအချို့ရှိပါတယ်။ ပထမအချက်ကတော့ ပရိသတ်တွေက သရုပ်ဆောင်နဲ့ စီးရီးဇာတ်ကောင်ကို မခွဲနိုင်တော့ဘဲ အမြဲတွဲမြင်မိကြတဲ့ ပြဿနာဖြစ်ပါတယ်။ ဒါဟာ ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာတွေ သရုပ်ဆောင်ရွေးချယ်တဲ့အခါ အကြောက်ဆုံးအချက်ဆိုရင်လည်း မမှားပါဘူး။ နာမည်ရပြီးသား စီးရီးသရုပ်ဆောင်တွေအနေနဲ့ ရုပ်ရှင်ကားကြီးတွေမှာ ဝင်သရုပ်ဆောင်တဲ့အခါ ပရိသတ်တွေက ဇာတ်ကောင်အသစ်တစ်ယောက်အနေနဲ့ မမြင်နိုင်တော့ဘဲ စီးရီးထဲကအတိုင်း မျှော်လင့်ပြီး အားပေးမိကြတဲ့အခါ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တာမျိုး ကြုံရတတ်ပါတယ်။ အဲ့ဒီလိုဖြစ်တဲ့အခါ ရုပ်ရှင်ရဲ့ မားကတ်တင်းကမ်ပိန်းမှာ ရုပ်ရှင်နဲ့မသက်ဆိုင်တဲ့ စီးရီးအကြောင်းတွေက လွှမ်းမိုးလာနိုင်သလို ရုံဝင်ငွေကို ထိခိုက်လာနိုင်ပါတယ်။
ဒုတိယအချက်ကတော့ အချိန်မပေးနိုင်ကြတာကြောင့်ပါ။ အထူးသဖြင့် Friends, How I Met Your Mother, The Big Bang Theory စသဖြင့် Sitcom စီးရီးတွေနဲ့ နှစ်ရှည်လများပြသတဲ့ Walking Dead, Supernatural စီးရီးတို့လိုမျိုးမှာ ပါဝင်ထားပြီး အောင်မြင်မှုတွေရရှိထားတဲ့ သရုပ်ဆောင်တွေအနေနဲ့ အခြားပရောဂျက်တွေမှာ ပါဝင်ဖို့အတွက် အချိန်ဖယ်မပေးနိုင်ကြပါဘူး။ ရုပ်ရှင်ပရောဂျက်တွေက ဘယ်လောက်စိတ်ဝင်စားစရာကောင်းနေပါစေ ကိုယ့်ကို နာမည်တစ်လုံးရလာအောင် စင်တင်ပေးခဲ့တဲ့ စီးရီးကို ချန်ထားခဲ့ဖို့ဆိုတာ ဒီသရုပ်ဆောင်တွေအတွက် အင်မတန် ခက်ခဲလှပါတယ်။ ဒါကြောင့် ပရောဂျက်အသစ်တွေကို လက်ခံချင်ရင်တောင် ခြေလှမ်းသိပ်မကျဲလှဘဲ ပရိသတ်ရင်းနှီးပြီးသားဖြစ်တဲ့ တီဗီစီးရီးပရောဂျက်တွေကိုသာ လက်ခံကြလေ့ရှိပြီး Jensen Ackles တစ်ယောက် The Boys စီးရီးမှာ ပါဝင်လာပုံဟာ ခြေလှမ်းအကျဲကြီးမလှမ်းနိုင်တဲ့ နာမည်ကျော်စီးရီးသရုပ်ဆောင်တစ်ယောက်ရဲ့ အခြေအနေကို ပြသနေပါတယ်။
တတိယနဲ့ နောက်ဆုံးအချက်ကတော့ နာမည်ရပြီးသား စီးရီးသရုပ်ဆောင်တွေဟာ ရုပ်ရှင်ပရောဂျက်တွေနဲ့ ပိုက်ဆံထပ်ရှာဖို့ မလိုတာကြောင့်ပါပဲ။ သရုပ်ဆောင်တွေဟာ တီဗီစီးရီးတွေ ရိုက်ကူးဖို့ စာချုပ်ချုပ်ဆိုကြတဲ့အခါ နောက်ဆက်တွဲအကျိုးခံစားခွင့် ပါပါတယ်။ အဲ့ဒါကတော့ စီးရီးအောင်မြင်ရင် အောင်မြင်သလောက် တီဗီမှာ ပြသနေသရွေ့ သရုပ်ဆောင်တွေဟာ သတ်မှတ်ရာခိုင်နှုန်းတစ်ခု ဝင်ငွေဝင်နေတာပါ။ The Office စီးရီးဟာ လက်ရှိအချိန်အထိ Streaming နဲ့ တီဗီရုပ်သံလိုင်းတွေမှာ လူကြည့်အများဆုံး စီးရီးတွေထဲက တစ်ခုဖြစ်ပြီး သရုပ်ဆောင်တွေဟာ နောက်ဆက်တွဲအကျိုးခံစားခွင့်ကရလာတဲ့ ဝင်ငွေနဲ့တင် ရပ်တည်လို့ရကြပါတယ်။ ဒါကြောင့်လည်း စီးရီးဖန်တီးသူကအစ သရုပ်ဆောင်တွေဟာ သူတို့ရဲ့စီးရီးကို လူတွေအမြဲကြည့်ရှုနေချင်အောင် အရည်အသွေးပိုင်းကို အဓိကထားဖန်တီးကြပြီး ပရိသတ်တွေကြိုက်နှစ်သက်အောင် ကြိုးစားကြပါတယ်။ ဒါကြောင့် တချို့သရုပ်ဆောင်တွေဟာ ခက်ခဲကြမ်းတမ်းလှတဲ့ ရုံတင်ရုပ်ရှင်လောကထဲကို တိုးဝင်မယ့်အစား တီဗီစီးရီးတွေမှာ နာမည်ရအောင် ရုန်းကန်ကြတာပါ။ နာမည်ရသွားတဲ့အခါမှာလည်း “အပင်ပန်းခံမနေတော့ဘဲ” ကိုယ်စိတ်ပျော်ရာ ပရောဂျက်အငယ်လေးတွေမှာပဲ ဆက်ပြီး ပါဝင်ကြတာကို တွေ့ရပါလိမ့်မယ်။
ဒီလိုပြောလို့ စီးရီးသရုပ်ဆောင်အဖြစ်ကနေ ဟောလိဝုဒ်သရုပ်ဆောင်အဖြစ် ပြောင်းလာတဲ့လူ မရှိတာတော့ မဟုတ်ပါဘူး။ နာမည်ကျော်မင်းသား Will Smith ဟာ ၁၉၉၀ မှာ စတင်ထုတ်လွှင့်ခဲ့တဲ့ The Fresh Prince of Bel Air စီးရီးရဲ့ အဓိကဇာတ်ဆောင်မင်းသားဖြစ်ပြီး အဲ့ဒီစီးရီးကတဆင့် ဟောလိဝုဒ်ရုံတင်ရုပ်ရှင်ကားတွေဆီ အောင်အောင်မြင်မြင် ကူးပြောင်းနိုင်ခဲ့သူဖြစ်ပါတယ်။ Friends စီးရီးနဲ့လူသိများတဲ့ မင်းသမီးချော Jennifer Aniston ဟာလည်း စီးရီးပြီးနောက် အချစ်ဟာသရုပ်ရှင်အချို့မှာ ပါဝင်ခဲ့ပြီး အောင်မြင်မှုတွေ ဆက်လက်ရရှိခဲ့ပါသေးတယ်။ ယခုနောက်ပိုင်းမှာတော့ နာမည်ရပြီးသား ဟောလိဝုဒ်သရုပ်ဆောင်တွေက Streaming ဝန်ဆောင်မှုကုမ္ပဏီကြီးတွေရဲ့ ကိုယ်ပိုင်စီးရီးတွေမှာ ပါဝင်လာကြသလို Game of Thrones, Euphoria နဲ့ နာမည်ကျော် Netflix စီးရီးတွေကတဆင့် ဟောလိဝုဒ်ကို ခြေဆန့်လာတဲ့ စီးရီးသရုပ်ဆောင်တွေလည်း ပိုမိုများပြားလာကြပါပြီ။
