3 ရက် - ဘာသာပြန်ပါ။

#မြေငလျင်သတင်းအချက်အလက်
◼ မန္တလေး၌ငလျင်ကြောင့် ပြိုကျအဆောက်အဦများထဲမှရုပ်အလောင်းများထပ်မံတွေ့ရှိ
မန္တလေး၌ငလျင်ကြောင့် ပြိုကျအဆောက်အဦများထဲမှရုပ်အလောင်းများ ယနေ့(ဧပြီ ၂၇ ရက်)အထိ တွေ့ရှိနေဆဲဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများထံမှသိရသည်။
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀၊ ၇၀ နှင့် ၇၁ လမ်းကြားရှိ Golden City ဟိုတယ် အဆောက်အဦအား ယနေ့နံနက်ပိုင်းကရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် အမျိုးသမီးတစ်ဦးရုပ်အလောင်းအားတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှသိရသည်။
ယမန်နေ့(ဧပြီ ၂၆ ရက်)တွင်လည်း ယင်းဟိုတယ်၌ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် အမျိုးသားနှစ်ဦး၏ရုပ်အလောင်းအားတွေ့ရှိခဲ့ကြောင်း၊ ချမ်းအေးသာစံမြို့နယ်၊ ၂၈ ဘီ နှင့် ၇၂ လမ်းထောင့်ရှိ မာကျူရီတည်းခိုခန်းအဆောက်အဦအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း အမျိုးသမီးတစ်ဦးရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။
“တချို့ဟိုတယ်တွေက ရှင်းလင်းရေးလုပ်တာသိပ်မကြာသေးတော့ အထဲမှာ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကိုထပ်တွေ့နေရတာပါ။ အရင်ကထက်စာရင် နည်းတော့နည်းသွားပြီ။ ကူညီကယ်ဆယ်ရေးတွေကတော့ ဆက်လုပ်နေတုန်းပါ” ဟု မန္တလေးမြို့၌ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့်ငလျင်မှာ မနက်ဖြန် (ဧပြီ ၂၈ ရက်) တွင် တစ်လပြည့်ပြီဖြစ်ပြီး လက်ရှိအချိန်ထိရုပ်အလောင်းများထွက်ပေါ်နေဆဲဖြစ်ကြောင်း၊ ငလျင်ဒဏ်သင့်ပြည်သူများမှာလည်း နေထိုင်စားသောက်ရေးအတွက် အကူအညီများလိုအပ်နေဆဲဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများထံမှ သိရသည်။
လက်ရှိတွင် ငလျင်ကြောင့်လူဦးရေ ၃၇၆၃ ဦးသေဆုံးကာ ၅၁၀၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပျောက်ဆုံးသူ ၁၁၀ ဦးရှိကြောင်း နစက ကထုတ်ပြန်ထားသည်။

image