5 d - Translate

Dustin Poirier နဲ့ Max Holloway (BMF Title)
လူဝီစီယားနားပြည်နယ် နယူးအော်လီယန်းမြို့မှာ ကျင်းပမယ့် UFC 318 ပြိုင်ပွဲမှာ Dustin Poirier နဲ့ Max Holloway တို့ကို တတိယပွဲတည်ပေးထားတယ်။ ခါးပတ်ပွဲဖြစ်ပြီး BMF Title လုကြပါမယ်။ The Pat McAfee Show အစီအစဉ်မှာ Dustin Poirier ကြေညာလိုက်တာမို့ ပွဲသတင်းက အတည်ဖြစ်ပါတယ်။ UFC 318 ပြိုင်ပွဲကို ဇူလိုင်လ (၁၉) ရက်မှာ ကျင်းပပါမယ်။
Dustin Poirier နဲ့ Max Holloway တို့က (၂) ကြိမ်ကစားဖူးတယ်။ ပထမဆုံးအကြိမ်က UFC 143 ပြိုင်ပွဲမှာ ဖြစ်ပါတယ်။ Max Holloway က UFC အဖွဲ့အစည်းမှာ ပွဲဦးထွက်ကစားတာဖြစ်ပြီး ကြေးစား (၄) ပွဲပဲ ကစားရသေးတယ်။ အသက် (၂၀) ပွဲရှိသေးပြီး အတွေ့အကြုံနည်းပါသေးတယ်။ ပထမအချီမှာ Dustin Poirier က Max Holloway ကို Triangle Armbar လုပ်လိုက်တယ်။ Dustin Poirier က Max Holloway ကို ချုပ်နိုင်တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်လာခဲ့ပါတယ်။
ဒုတိယအကြိမ်မှာ Dustin Poirier နဲ့ Max Holloway တို့က စူပါစတားဖြစ်နေပါပြီ။ Max Holloway က ဖယ်သာဝိတ်ချန်ပီယံဖြစ်နေတယ်။ Dustin Poirier က လ်ိုက်ဝိတ်တန်းကို ကြိုရောက်နေတာပါ။ နိုင်ပွဲဆက်လာလို့ လိုက်ဝတ်ကြားဖြတ်ချန်ပီယံလုရတယ်။ ဒုတိယပွဲမှာ Max Holloway က ဝိတ်တင်ထိုးရပေမယ့် တော်တော်ကောင်းပါတယ်။ စွမ်းဆောင်ရည်က ပြောလောက်အောင် မကွာပေမယ့် ပါဝါကွာနေတယ်။ Dustin Poirier ရဲ့ ဘယ်ဝိုက်က နင့်ခနဲ။ Max Holloway လည်း သွေးသံရဲရဲဖြစ်ပြီး အမှတ်ပြတ်ရှုံးသွားရတယ်။ ထိချက်သာပေမယ့် ပါဝါနည်းလို့သာ ရှုံးရတာပါ။
ရလဒ်အားဖြင့် ပြောရရင် Max Holloway က Dustin Poirier ကို တူးဇီးရှုံးထားတာပါ။ တတိယပွဲမှာ အခြေအနေကွာနေပါပြီ။ Max Holloway က (၃၃) နှစ်ပဲရှိသေးပြီး Dustin Poirier က (၃၆) နှစ်ဖြစ်နေပါပြီ။ (၃) နှစ်ပဲ ကွာတယ်ဆိုပေမယ့် စွမ်းဆောင်ရည်က အတော်ကွာနေပါပြီ။ နောက်ဆုံးပွဲစွမ်းဆောင်ရည်ကိုပဲ ပြောပြပါမယ်။
Max Holloway က Ilia Topuria ကို ထိချက်အသာထိုးနိုင်တယ်။ တတိယအချီမှာ မထင်မှတ်ဘဲ ချက်ကောင်းမိပြီး ရှုံးသွားရတာပါ။ Dustin Poirier က Islam Makhachev ကို ဘယ်လိုမှ မယှဉ်နိုင်ဘဲ ရှုံးရတာပါ။ ဆက်ပြောရရင် Dustin Poirier က Michael Chandler နဲ့ Benoit Saint Denis တို့ကို နိုင်ထားပေမယ့် ထိချက်နိမ့်ပါတယ်။ ရှယ်ခံရပြီးမှသာ ပြန်နိုင်ခဲ့ရတာပါ။ ဒါကို ရှင်းရှင်းလင်းလင်းမြင်နေရတယ်။
Dustin Poirier နဲ့ Max Holloway တို့ရဲ့ တတိယပွဲက ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ နောက်ဆုံးပွဲကို မွေးရပ်မြေ လူဝီစီယားနားပြည်နယ်မှာ ကစားချင်တယ်လို့ တောင်းဆိုထားတဲ့ Dustin Poirier လည်း ကျေနပ်မယ်ထင်ပါတယ်။ ပုံရိပ်မြင့်ဖိုက်တာတွေဆိုပေမယ့် ခါးပတ်ပွဲမဟုတ်ရင် UFC 318 ပြိုင်ပွဲမှာ ခေါင်ပွဲပေးဖို့ မလွယ်တာမို့ BMF Title စီစဉ်ပေးတဲ့သဘောပါ။ Justin Gaethje ကို အလဲထိုးပြီး ချန်ပီယံဖြစ်လာတဲ့ Max Holloway က BMF Title ကို ကာကွယ်ရပါမယ်

image