#မြေငလျင်သတင်းအချက်အလက်
◼ ငလျင်ကြောင့် တိုင်းနှင့်ပြည်နယ် ခြောက်ခု၌ သေဆုံးသူ ၃၇၆၃ ဦးရှိလာ
ငလျင်ဒဏ်သင့်ခဲ့သည့် တိုင်းနှင့်ပြည်နယ်ခြောက်ခု၌ သေဆုံးသူဦးရေ ၃၇၆၃ ဦးရှိပြီဖြစ်ကြောင်း ယနေ့(ဧပြီ ၂၅ ရက်) ထုတ်နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြထားသည်။
ပြီးခဲ့သည့်မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိငလျင် ကြောင့် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် (အရှေ့မြောက်ဒေသ) နှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် လူထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ငလျင်ဒဏ်သင့်နေရာများကို နစက ကသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့သည်။
အဆိုပါတိုင်းနှင့်ပြည်နယ်များ၌ ယမန်နေ့(ဧပြီ ၂၄ ရက်)အထိ နောက်ဆုံးရရှိသည့် နစက၏ စာရင်းများအရငလျင်ကြောင့်သေဆုံးသူ ၃၇၆၃ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၇ ဦးနှင့်ပျောက်ဆုံးသူ ၁၁၀ဦးရှိကြောင်းသိရသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် အဆောက်အအုံများအတွင်းပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိအသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၇၇၁ ဦးကိုရှာဖွေပေးနိုင်ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
