ထိုင်းမှာ လေ့ကျင့်ရေးပျံသန်းစဉ် လေယာဉ်ပျက်ကျမှုကြောင့် ရဲအရာရှိခြောက်ယောက် သေဆုံး
ဘန်ကောက်၊ ဧပြီ-၂၆-၂၀၂၅
ရတီ(VOM)
ထိုင်းနိုင်ငံမှာ လေထီးလေ့ကျင့်မှုအတွက် လေ့ကျင့်ပျံသန်းနေတဲ့ လေယာဉ်ငယ်တစင်း ပင်လယ်ထဲ ပျက်ကျမှုကြောင့် ထိုင်းရဲအရာရှိ ခြောက်ယောက်သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
လေယာဉ်ဟာ ဘန်ကောက်မြို့အနောက်တောင်ဘက် ကီလိုမီတာ ၁၃၀ အကွာ ကမ်းရိုးတန်းအပန်းဖြေနေရာဖြစ်တဲ့ ချာအန်းခရိုင်မှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။ ရဲအရာရှိ ငါးယောက်ဟာ အခင်းဖြစ်ရာနေရာမှာ သေဆုံးခဲ့ပြီး ကျန်တယောက်ကတော့ ဆေးရုံမှာ သေဆုံးခဲ့တာလို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို သိရှိနိုင်ဖို့ လေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်းတင်ကိရိယာကို အာဏာပိုင်တွေက စစ်ဆေးနေပါတယ်။ လေယာဉ်ဟာ ကမ်းစပ်ကနေ မီတာ ၁၀၀ အကွာရေပြင်မှာ ပျက်ကျခဲ့ဖြစ်ပြီး ပျက်ကျရာနေရာကို ရောက်ဖို့ လမ်းလျှောက်သွားနိုင်တဲ့ အနေအထားဖြစ်ပါတယ်။
သေဆုံးသွားတဲ့ အရာရှိတွေကတော့ လေယာဉ်မှူး သုံးယောက်၊ အင်ဂျင်နီယာတယောက်နဲ့ စက်ပြင်ဆရာနှစ်ယောက်တို့ ဖြစ်ပြီး အသက်ဆုံးရှုံးသွားတဲ့ အရာရှိတွေအတွက် အလေးအနက် ဝမ်းနည်းကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
လေယာဉ်ဟာ ပင်လယ်ထဲပျက်မကျမီ ပတ်ချလည်ပျံသန်းနေပြီး ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ထုတ်ပြန်တဲ့ ဓါတ်ပုံတွေမှာတော့ လေယာဉ်အပျက်အစီးတွေဟာ ကမ်းဦးရေတိမ်ပိုင်းမှာ နစ်မြုပ်နေတာကို ဖော်ပြထားပါတယ်။
လေယာဉ်ဟာ လူနေဒေသကို ဦးတည်သွားခဲ့သော်လည်း လေယာဉ်မှူးဟာ ပင်လယ်ဘက်ကို တိမ်းရှောင်မောင်းနှင်ခဲ့ပြီး နောက်ထပ်သေဆုံးမှုတွေကို ရှောင်ရှားနိုင်ခဲ့တယ်လို့ အခင်းဖြစ်ရာနေရာကို သွားရောက်ခဲ့တဲ့ ထိုင်းရဲချုပ်က ပြောပါတယ်။
