ဖားကန့် လမ်းမပေါ်က ရွာတွေ တိုက်ပွဲ ထပ်ရှောင်နေရ
ဧပြီ ၂၅၊ ၂၀၂၅
ကချင်ပြည်နယ်၊ ဖားကန့် လမ်းမပေါ်က ရွာတွေ နစက တပ်ဖွဲ့နဲ့ KIA ပူးပေါင်း တပ်ဖွဲ့ တို့အကြား စစ်ရေး တင်းမာလာလို့ ဧပြီလ ၂၄ ရက်နေ့ကစ တိုက်ပွဲ ထပ်ရှောင်ရကြရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
"စစ်ရေးတင်းမာလာလို့ ဖားကန့်လမ်းမပေါ်က နန့်ယား၊ ကပ်မှော်၊ ဆိုင်းဖရာ၊ ပျားအုံ၊ တံတားညီနောင် စတဲ့ ရွာက ဒေသခံပြည်သူတွေ အခု အရေးပေါ် ရှောင်နေကြရတယ်" လို့ ဒေသခံ တယောက်က ပြောပါတယ်။
ဒီနေ့ မနက်ပိုင်း တိုက်ပွဲရှောင် ပြည်သူတွေကို ကူညီ ခေါ်ယူနေတဲ့ ကားကြီးတွေ လယ်ပြင်မှာ တားဆီး ခံထားရပြီး ကားလေးတွေကိုတော့ သွားခွင့်ပြုတယ်လို့ သူက ပြောပါတယ်။
ယမန်နေ့ကလည်း စစ်ရှောင် ၁၀၀ ကျော်ကို ဒေသတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေက သွားရောက် ခေါ်ယူခဲ့ပြီး ဒီကနေမှာလည်း သွားကြိုနေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။
စစ်ဘေးရှောင်တွေကတော့ ဖားကန့်၊ ဆိပ်မူဘက် တိမ်းရှောင်ကြပြီး လက်ရှိ ယာယီ တိမ်းရှောင်ကြမယ့် တိုက်ပွဲ ရှောင်ပြည်သူတွေ ထောင်ချီ ရှိလောက်မယ်လို့ ဆိုပါတယ်။
"ဖားကန့်လမ်း မအူပင်ရွာ ရေကာတာနား တိုက်ပွဲ ဖြစ်နေတာ ဟုတ်တယ်။ မနေ့ညေန ကတည်းက ပြင်းပြင်းထန်ထန် ဖြစ်နေတာ။နစက တပ်ဖွဲ့ဘက်က စစ်ကြောင်း ထိုးလာလို့လေ" လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ဖားကန့်လမ်း ဘက်ကနေ ခန့်မှန်း အင်အား ၅၀၀ လောက်၊ အင်းတော်လမ်းဘက်ကနေ ခန့်မှန်း အင်အား ၅၀၀ လောက် စစ်ကြောင်းထိုးလာတယ်လို့ ကြား ပေမယ့် အင်အား အတိအကျ မသိရဘူးလို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ ဖားကန့်လမ်းတလျှောက်က ရွာခံ ပြည်သူတွေအားလုံး တိုက်ပွဲ ရှောင်နေကြရတယ်လို့ ဆိုပါတယ်။
နစက တပ်ဖွဲ့ အနေနဲ့ ဖားကန့်ဒေသ အားလုံးကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလာတယ်လို့ ယူဆရကြောင်း ဒေသခံတချို့က ပြောပါတယ်။
ဖားကန့် ဘက်သွားလို့ရတဲ့ လမ်းမကြီး နှစ်ခု စလုံးမှာ စစ်ရေး တင်းမာနေပြီး ဖားကန့် - မြစ်ကြီးနား အတက်၊ အဆင်းကို ယမန်နေ့ ကတည်းက KIA နဲ့ ပူးပေါင်း တပ်ဖွဲ့ ဘက်က အသွားအလာ မလုပ်ဖို့ အသိပေးထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
နစက တပ်ဖွဲ့ ဘက်ကတော့ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၃ ရက်မှ ၃၀ ရက် အထိကာလကို ယာယီပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ကာလအဖြစ် ထပ်မံ တိုးမြှင့် ထုတ်ပြန်ထားပါတယ်။
