6 ရက် - ဘာသာပြန်ပါ။

ဘိလပ်မြေ ဈေးတင်ရောင်းသည့် ဆောက်လုပ်ရေးပစ္စည်းဆိုင် ၆၂ ဆိုင်ကို ဖော်ထုတ်အရေးယူ
ရန်ကုန်၊ ဧပြီ ၂၅
ဈေးကွက်အတွင်း ဘိလပ်မြေဈေးနှုန်းတွေ အဆမတန် ဈေးနှုန်းမြှင့်တင်ရောင်းချတဲ့ ဆောက်လုပ်ရေးပစ္စည်းဆိုင် ၆၂ ဆိုင်ကို တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း နစကမှ ထုတ်ပြန်ပါတယ်။
မတ်လ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုနဲ့ ဆက်စပ်ပြီး ဈေးကွက်အတွင်းမှာ ဘိလပ်မြေဝယ်လိုအားတွေ မြင့်တက်ခဲ့တာကြောင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိစေရေးအတွက် တာဝန်ရှိသူတွေ ပါဝင်တဲ့ အဖွဲ့တွေက စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တို့ရှိ မြို့ကြီးအချို့မှ ဆောက်လုပ်ရေးပစ္စည်းဆိုင် ၃၂၀ ဆိုင်ကို ဧပြီလ ၂၃ ရက်နေ့မှာ ကွင်းဆင်းစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးတွေ့ရှိချက်တွေအရ ဝယ်ရင်းဈေးထက် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ အမြတ်ယူ ရောင်းချလျက်ရှိတဲ့ ၃၀ ဆိုင်နဲ့ ဝယ်ရင်းဈေးထက် ၁၅ ရာခိုင်နှုန်းနဲ့အထက် အမြတ်ယူရောင်းချနေတဲ့ ၃၂ ဆိုင်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဘိလပ်မြေအိတ်တွေကို မသမာတဲ့ နည်းလမ်းတွေနဲ့ ပြုလုပ်ရောင်းချတဲ့ တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း၊ ရတနာသီရိရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ပြည့်စုံအောင်အိမ်ဆောင်ပစ္စည်းဆိုင်ပိုင်ရှင် အပါအဝင် ၈ ဦးတို့ကိုလည်း အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ မန္တလေးငလျင်ကြီးကြောင့် ဘိလပ်မြေလိုအပ်ချက် မြင့်မားနေချိန် Max Cement နဲ့ အပါချီဘိလပ်မြေတို့က လျော့ဈေးတွေနဲ့ ရောင်းချပေးလျက်ရှိပြီး မြိုင်ကလေးနဲ့ ပြည်ညောင် ဘိလပ်မြေစက်ရုံတို့မှ စက်ရုံအထိုင်ဈေးနဲ့ ရောင်းချပေးနေပါတယ်။

image