အရှေ့တောင်အာရှ ကျားဖြန့်လုပ်ငန်းတွေ တကမ္ဘာလုံး ပျံ့နေပြီလို့ ကုလသမဂ္ဂ သတိပေး
နယူးယောက်၊ ဧပြီ-၂၅-၂၀၂၅
မျိုးဆက်(VOM)
အရှေ့တောင်ရှက အွန်လိုင်းလိမ်လည်ကွန်ရက်(ကျားဖြန့်)တွေဟာ တောင်အမေရိကနဲ့ အာဖရိကတို့အပါအဝင် တကမ္ဘာလုံးကို ပျံ့နှံ့နေပြီလို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။
အရှေ့တောင်အာရှနိုင်ငံ အစိုးရတွေက ကျားဖြန့်လို အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို အရှိန်မြှင့်နှိမ်နင်းနေချိန်မှာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ရုံးရဲ့ အစီရင်ခံစာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဖိလစ်ပိုင်တို့မှာ မကြာသေးမီက နှိမ်နင်းမှုတွေကြောင့် ဒီလုပ်ငန်းတွေဟာ ဒေသတွင်းကနေ ကျော်လွန်ပျံ့နှံ့နေတယ်လို့ ဆိုပါတယ်။
ဒီအဖွဲ့တွေဟာ ကမ္ဘာ့အခြားဒေသတွေရှိ ရာဇဝတ်ဂိုဏ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာ ၊ AI နဲ့ လုပ်ကိုင်တဲ့ နည်းပညာတွေကတဆင့် လုပ်ငန်းဆောင်ရွက်မှုတွေကို တိုးချဲ့နေကြတယ်လို့ UNODC ရဲ့ အစီရင်ခံစာမှာ ဆိုပါတယ်။
အွန်လိုင်းရာဇဝတ်မှုကွန်ရက်ဟာ ကင်ဆာလို ပျံ့နှံ့နေပြီလို့ UNODC ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ် ဘန်နီဒစ်ဟော့ဖ်မန်းက ပြောပါတယ်။ အာဏာပိုင်တွေအနေနဲ့ သူတို့ဒေသတခုတည်းမှာ နှိမ်နင်းနေပေမယ့် ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ဘဲ နေရာပြောင်းနေကြမှာပဲလို့ သူကဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံတွေအပြင် ဒေသတွင်ပြင်ပနိုင်ငံတွေကလည်း ငွေကြေးဆိုင်ရာ ထောက်လှမ်းမှုတွေကို ညှိနှိုင်းဆောင်ရွက်မှု တိုးမြှင့်ရေးနဲ့ နိုင်ငံအချင်းချင်း စုံစမ်းစစ်ဆေးမှုတွေကို ပူးပေါင်းဆောင်ရွက်တာစတဲ့ နောက်ထပ်အစီအမံတွေ ပြုလုပ်ဖို့ UNODC ရဲ့ အစီရင်ခံစာက တိုက်တွန်းထားပါတယ်။
