#ပြည်တွင်းသတင်း
◼ ငလျင်ဒဏ်သင့်စာသင်ကျောင်းများတွင် အချိန်နှစ်ချိန်ခွဲတက်ရောက်ရန် စီစဉ်နေဟုဆို
ငလျင်ဒဏ်သင့်စာသင်ကျောင်းများ၌ ပညာသင်ကြားမည့်ကျောင်းသား၊ ကျောင်းသူများအတွက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းဟူ၍နှစ်ချိန်ခွဲ၍တက်ရောက်သင်ကြားနိုင်ရန်စီစဉ်လျက်ရှိကြောင်း နစက က ယနေ့(ဧပြီ ၂၄ ရက်)တွင် ထုတ်ပြန်သည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်အခြေခံပညာကျောင်းများကို ဇွန်လဆန်းတွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ၎င်းတို့အနက် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် (အရှေ့မြောက်ဒေသ) နှင့် နေပြည်တော်ကောင်စီနယ်မြေ အစရှိသည့် ငလျင်ဒဏ်သင့်ဒေသများရှိစာသင်ကျောင်းများအနေဖြင့် အချိန်နှစ်ချိန်ခွဲ၍ နှစ်သုတ်တက် စနစ်ဖြင့် တက်ရောက်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။
နစက၏ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာညွန့်ဖေက ဇွန်လဆန်းတွင် ငလျင်ဒဏ်ခံကျောင်းများ အနေဖြင့် နှစ်သုတ်တက်စနစ်ဖြင့် တက်ရောက်နိုင်ရန်နှင့် ယာယီကျောင်းဆောင်များ တည်ဆောက် နိုင်ရေးကိုဆောင်ရွက်နေကြောင်း၊ ငလျင်ဒဏ်မခံရသော တက္ကသိုလ်များအနေဖြင့် ဌာနတွင်းမွမ်းမံ သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ရန်လိုကြောင်း၊ ငလျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသော ဆရာ ဆရာမများ၊ ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် ဝန်ကြီးဌာနအနေဖြင့် လွန်စွာဝမ်းနည်း ရကြောင်း ယခုလဧပြီ ၂၂ ရက်တွင် ပြုလုပ်ခဲ့သည့် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ပြောဆိုသည်။
လာမည့်ဇွန်လ ၂ ရက်မှစ၍ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ စာသင်ဆောင်၊ စာသင်ခန်းများနှင့် အိပ်ဆောင်များသန့်ရှင်းရေး ဆောင်ရွက်ကြရေး ကိုလည်း နစက၏ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က အဆိုပါအစည်းအဝေး တွင် ထပ်မံပြောဆိုခဲ့သည်။
သတင်း - အင်ကြင်း
