#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ကျောင်းသားဗီဇာ ခွင့်ပြုထားသည့် သက်တမ်းကို ပြန်လည် သတ်မှတ်ရန် ထိုင်းစီစဉ်
ထိုင်းနိုင်ငံတွင် ကျောင်းသားဗီဇာဖြင့် နိုင်ငံခြားသားများ တရားမဝင် အလုပ်လုပ်ကိုင်ခြင်းကိုတားဆီးနိုင်ရန်အတွက် ရည်ရွယ်ပြီး သင်တန်းကာလအပေါ် ကျောင်းသားဗီဇာ မူတည်ကာ ခွင့်ပြုထားသည့် သက်တမ်းများကို ပြန်လည်ပြင်ဆင်သတ်မှတ်ရန် စီစဉ်နေ ကြောင်း သိရသည်။
အဆိုပါ ကျောင်းသားဗီဇာခွင့်ပြုထားသည့် သက်တမ်းများကို ပြန်လည် ပြင်ဆင်သတ်မှတ်ရန်စီစဉ်နေခြင်းကို ထိုင်းနိုင်ငံ အဆင့်မြင့်ပညာ၊ သိပ္ပံ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဝန်ကြီးဌာန (MHESI)နှင့်လူဝင်မှုကြီးကြပ်ရေးဌာနတို့ ပူးပေါင်းပြီး လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ThaiEnquirer သတင်းဌာနက ဧပြီ ၂၄ ရက်တွင် ရေးသားဖော်ပြထားသည်။
နိုင်ငံတကာမှလာရောက်သည့် ကျောင်းသားများသည် ထိုင်းလူဝင်မှု ကြီးကြပ်ရေးဥပဒေအရတစ်ကြိမ်လျှင် ရက်ပေါင်း ၉ဝ အထိသာ ဗီဇာရရှိခြင်းဖြစ်ပြီး ကျောင်းသားများတက်ရောက်သည့် သင်တန်းအပေါ်မူတည်၍ စုစုပေါင်း တစ်နှစ်ထက်မပိုသောကာလအထိ နေထိုင်ခွင့်ကိုထိုင်းအစိုးရက ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။
စည်းကမ်းသတ်မှတ်ချက်အသစ်တွင် တက္ကသိုလ်များသည် လူဝင်မှု ကြီးကြပ်ရေးဌာနသို့သတင်းအချက်အလက်များ မပေးပို့မီ MHESI က ဦးစွာ အကဲဖြတ်ရန်နှင့်ကျောင်းများတွင် ဖွင့်လှစ်သည့် သင်တန်းကာလနှင့် သင်ယူမှုပုံစံအပါအဝင် အသေးစိတ်အချက်အလက်များကို တင်ပြရမည်ဖြစ်သည်။ ထို့ပြင် ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်အကိုင်များ စောင့်ကြည့်ကာကွယ်ရန် အတွက် ကျောင်းသားဗီဇာအချက်အလက်များကိုလည်း ပေးပို့ရန် MHESI က အဆိုပြုထားသည်။
လက်ရှိဆောင်ရွက်နေသည့်ကိစ္စနှင့် ပတ်သက်ပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက မူအားဖြင့် သဘောတူထားပြီး သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ရေး မူဘောင်တစ်ရပ် သတ်မှတ်ရန်အတွက် နားလည်မှုစာချွန်လွှာကို မကြာမီကာလအတွင်း လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
Source; Thai Enquirer
