1 w - Translate

" ယောက်ျားဆိုတာ မချမ်းသာ‌ရင်တောင် အရည်အချင်းတစ်ခုခုရှိရမှာ ။ ဘာအရည်အချင်းမှမရှိရင် ဘယ်နေရာမှာသွားသုံးရမလဲ " မှတ်သားစရာ စကားတစ်ခွန်းပဲ ။ ဒီစာအုပ်ကို အမျိုးသမီးတွေသာမက အမျိုးသားတွေကိုပါ ဖတ်ဖို့ ပြောပါရစေ။

"အို မဟုတ်ပါဘူး ကြီးကြီးမေရယ် ၊ သူ ဒီလောက်တော့မဆိုးပါဘူး ၊ သူ ဒီလောက် မပျက်စီးသေးပါဘူး ကြီးကြီးမေ ၊ ပြီးတော့ ဘာပဲဖြစ်ဖြစ် သူ့ကို စု ပြုပြင်နိုင်ပါတယ် ၊ စုစကားကို သူနားထောင်မှာပါ" တဲ့ ။

ရင်နှင့်ရင်းပြီးချစ်ခဲ့ရတဲ့ အမျိုးသားအပေါ် ယုံကြည်ချက်ပြင်းထန်လွန်းခဲ့တဲ့ အမျိုးသမီးငယ် ။ ချစ်ရတဲ့အမျိုးသားကို ပြုပြင်ပြောင်းလဲပေးဖို့ သိပ်စိတ်အားထက်သန်ခဲ့တဲ့အမျိုးသမီးငယ် ။ အင်း...ပြောရရင် ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ပေါ့...

စိတ်ကူးယဉ်တတ်သလို သိပ်ကိုလည်း ကဗျာဆန်တတ်တဲ့စု...စိတ်ကူးယဉ်ဆန်ဆန် အချစ်တစ်ခုကို ဘဝထင်ပြီး
အိမ်ထောင်ဆိုတဲ့ အိမ်ထောင်ရေးနွံထဲ လွယ်လွယ်ခုန်ဆင်းသွားတဲ့စုဟာလေ သိပ်ကိုရူးမိုက်ခဲ့တာပါလားကွယ် ။

လူကြီးသူမ အတန်တန်တားတဲ့ကြားက စုကတော့ လင်မယား ဖြစ်သွားခဲ့ပြီးပြီဆိုတဲ့ အကြောင်းပြချက်နဲ့ ဘာမဆို ရင်ဆိုင်ဖို့သတ္တိတွေရှိနေခဲ့လေရဲ့

မိဘအိမ်မှာ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နေလာခဲ့တဲ့ သူမက ဒီလိုအသိုင်းအဝိုင်းထဲမှာ နေနိုင်မှာတဲ့လား ။ ဒါပေမယ့် စုမှာသတ္တိတွေ ရှိခဲ့တယ် ။ အားအင်တွေ ရှိခဲ့တယ် ။ ချစ်ရသူလက်ကိုဆွဲပြီး အရာရာရင်ဆိုင်မယ် ။ တူနှစ်ကိုယ်တဲပျက်ထဲမှာ ထမင်းရေသောက်ရလည်း နေနိုင်ပါတယ်ဆိုတဲ့ ကဗျာဆန်ဆန်အတွေးတွေလည်း ရှိနေခဲ့လေရဲ့။

တစ်နေ့ထက်တစ်နေ့ ပျက်စီးသထက်ပျက်စီးလာတဲ့ ချစ်ရသူကြောင့် ဗျာများရတာလည်း အိမ်ထောင်စကျပါပြီဆိုကတည်းက ဒါပေမယ့် သူမ အပြစ်မယူရက်ခဲ့ပြန်ဘူး။
တစ်နေ့တော့ပြောင်းလဲသွားမှာပါလေ ။ ‌ငါ့ကိုချစ်ရင် ပြောင်းလဲသွားမှာပါလေဆိုတဲ့ အတွေးတွေ ဝင်နေခဲ့တော့ သိပ်ကိုခက်ပါရောလားကွယ် ။

လူတစ်ယောက်ရဲ့ဗီဇဆိုတာ ကိုယ်အမှားလုပ်မှန်း သိနေလည်း ကိုယ်ကိုယ်တိုင် ပြုပြင်ချင်တဲ့စိတ်မရှိရင် သိကြားမင်းတောင် ဆင်းပြင်ပေးလို့မရဘူးလေ ။

ကိုယ့်ကိုချစ်လို့ သူ့ရဲ့အကျင့်ဆိုး ဗီဇဆိုးတွေကို ကိုယ့်အတွက်ဆိုပြီး ကြိုးစားပြီး ပြုပြင်ပြောင်းလဲလာတဲ့ လူကိုရခဲ့ရင်တော့ ကိုယ်တို့တွေဟာ သိပ်ကိုကံကောင်းကြတာပါပဲ။
နေမင်းက စုကိုချစ်ပါရဲ့။ ခက်တာက သူ့မှာပြောင်းလဲချင်စိတ် ပါမလာခဲ့ဘူး ။ တိုးတက်ချင်စိတ် ပါမလာခဲ့ဘူး ။

"ဒီလိုစကားမျိုးနဲ့တော့ မင်း...မောင့်ကို မစော်ကားပါနဲ့ စု ။ကိုယ်ပြောခဲ့ပြီကော ။ အစတည်းက မှားခဲ့တဲ့ကိစ္စလို့ ။ အေး.. အဲ့အမှားဒဏ်ကိုနှစ်ယောက်လုံးခံစတမ်း ဆိုရင်တော့ မင်း..မောင်နဲ့ နေကိုနေနိုင်ရမယ် စု ၊ မောင် ဒါပဲပြောမယ်" ဆိုပြီး ပစ်ပစ်ခါခါ ပြောသွားတဲ့ ယောက်ျားဖြစ်သူကိုလည်းအပြစ်မတင်ရက် ။ အစကတည်းက အရာရာကို ပန်းခင်းလမ်းအမှတ်နဲ့ လျှောက်လှမ်းခဲတဲ့ သူမရဲ့အပြစ်တွေသာ။ နေမင်းဟာ ဒီလိုလူမှန်းသိရက်နဲ့တောင် ရွေးချယ်ခဲ့တဲ့သူမရဲ့အမှားတွေသာ။

အိုင်းရင်းပြောသလိုပေါ့

"ယောက်ျားဆိုတာ မချမ်းသာ‌ရင်တောင်အရည်အချင်းတစ်ခုခုရှိရမှာ ။ ဘာအရည်အချင်းမှမရှိရင်ဘယ်နေရာမှာသွားသုံးရမလဲ"တဲ့ အဲ့စကားကို သိပ်ကြိုက်တယ် ။
အိုင်းရင်းရဲ့အတွေးကို ကြိုက်သလို သူ့ရဲ့စိတ်ဓာတ်တွေကိုလည်း သဘောကျတယ် ။

အရည်အချင်းရှိတဲ့လူကိုပဲ ရွေးချယ်မယ် ။ ကိုယ်တိုင်ကလည်း အရည်အချင်းရှိအောင် ကြိုးစားမယ် ။ သူ့ဝင်ငွေ ၊သူ့လုပ်စာကို မှီခိုနေရင် သူ့မျက်နှာကို ကြည့်နေရအုံးမယ်လေ ။

တကယ်တော့ ယောက်ျား၊မိန်းမမှ မဟုတ်ဘူး ။ လူတစ်ယောက်က မချမ်းသာရင်တောင် အရည်အချင်းတစ်ခုခုရှိသင့်တယ် ။ ဘာအရည်အချင်းမှလည်းမရှိ ၊ ဘာမှတိုးတက်ချင်စိတ်မရှိတဲ့ လူတစ်ယောက်ကို သူဘယ်လိုလူမှန်းသိရဲ့သားနဲ့ ရူးမိုက်စွာတော့ ကိုယ်တို့ မရွေးချယ်သင့်ဘူးလေ ။

"မချစ်သေးလို့ပါ" "ချစ်ရတဲ့သူရှိလာရင် စုလိုပဲ မိုက်ရူးရဲဆန်လာလိမ့်မယ်" ပြောလာခဲ့သည်ရှိသော် ချစ်တာနဲ့ မိုက်ရူးရဲဆန်တာမတူဘူးလို့ ပြောချင်တယ် ။
ဘဝကို ဝတ္ထုတွေထဲကအတိုင်း စိတ်ကူးယဉ်ပြီး
လွယ်လွယ်လေးတွေးရင် ကိုယ်ကတော့ ကိုယ်တိုင်က ဦးနှောက်မရှိဘူးလို့ပဲ ထင်တယ် ။

ဘဝဆိုတာ စိတ်ကူးယဉ်လို့သာ သိပ်ကောင်းတာ ။
တကယ်ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ နဖူးတွေ့ဒူးတွေ့ကြုံလာရတဲ့အခါ ဖြတ်ကျော်ရမှာက ကိုယ်တိုင်ပဲ။
အဲ့ပင်ပန်းဆင်းရဲဒဏ်တွေကို ခံရမှာက ကိုယ်ကိုတိုင်ပဲ။

ရွေးချယ်ခဲ့တဲ့လူက ကိုယ်နဲ့အတူ အေးအတူ၊ပူအမျှ
ကြိုးကြိုးစားစားဖြတ်သန်းတဲ့ လူဆိုရင် ဒီလမ်းက မှန်ကန်ပေမယ့် နေမင်းလို လူနဲ့တွေ့ခဲ့ရင်ရော ဒါတောင် နေမင်းက မရိုက်မနှက်တဲ့ ယောက်ျားနော်။

"လင်ကုန်ရှုံးရင် တစ်သက်လုံးမှောက်တတ်တယ်"တဲ့

ငယ်ရွယ်တဲ့အချိန် ဘဝအတွက် အဆင်သင့်မဖြစ်သေးတဲ့အချိန်မှာ ရူးရူးမိုက်မိုက်ပစ်ဝင်ခဲ့တဲ့ အိမ်ထောင်ရေးခရီးလမ်းက တကယ်ရောဖြောင့်ဖြူးနိုင်ခဲ့လို့လား ။

ပြောင်းလဲလာပါလိမ့်မယ်ဆိုတဲ့ အတွေးနဲ့ အားတင်းပြီး နေခဲ့တာ နောက်ဆုံးကိုယ့်ဘဝပဲ ရေတိမ်နစ်သွားခဲ့တယ် ။ အဲ့လူကတော့ ပြောင်းလဲမလာခဲ့ဘူး ။

စုအရွယ်က သိပ်ကိုငယ်‌သေးတာ ။ အဲ့လိုဒဏ်တွေကိုခါးစီးခဲ့ရမယ့်အစား ဘဝတက်လမ်းတွေကို ရှာဖွေနေသင့်တာ ။ လူငယ်ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေသင့်တာ။

တကယ်တော့ လောကကြီးမှာ စုလို အချစ်ကိုဘဝထင်ပြီး ကိုးကွယ်တဲ့မိန်းကလေးရှိ‌သလို အချစ်ကို ဦးစားမပေးတဲ့အိုင်းရင်းလို မိန်းကလေးတွေကလည်း ဒုနဲ့ဒေးပါ ။

‌အချစ်က ဘဝမှာ အရေးပါပေမယ့် ဘဝတစ်ခုလုံးပုံအပ်ပြီး ကိုးကွယ်ရလောက်တဲ့အထိတော့ ကိုယ်‌တို့တွေ မရူးမို,က်သင့်ဘူးလို့ ထင်ပါရဲ့။

#မိုးမိုး(အင်းလျား)
#ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား

image