1 w - Translate

ငလျင်ဒဏ်ခံကျောင်းတွေကို ယာယီကျောင်းဆောင်တွေ စတင်တည်ဆောက်နေပြီး နှစ်သုတ်တက်စနစ်နဲ့ တက်ရောက်နိုင်ဖို စီစဉ်နေ
*****************
(ပြည်တွင်း) ဧပြီ ၂၄
မန္တလေးငလျင်ကြီးဒဏ်ခံစားခဲ့ရတဲ့ ငလျင်ဒဏ်ခံကျောင်းတွေကို ယာယီကျောင်းဆောင်တွေ စတင်တည်ဆောက်နေပြီး ဇွန်လဆန်းမှာကျောင်းတွေပြန်လည်ဖွင့်လှစ်မှာဖြစ်လို့ နှစ်သုတ် တက်စနစ်နဲ့ တက်ရောက်နိုင်ဖို့ စီစဉ်နေတယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောဆိုလိုက်ပါတယ်။

“ဇွန်လဆန်းမှာ ကျောင်းတွေပြန်လည်ဖွင့်လှစ်မှာဖြစ်လို့ ငလျင်ဒဏ်ခံကျောင်းတွေအနေနဲ့ နှစ်သုတ်တက်စနစ်နဲ့တက်ရောက်နိုင်ဖို့ စီစဉ်ဆောင်ရွက်ထားကြဖို့နဲ့ ယာယီကျောင်းဆောင်တွေ တည်ဆောက်နိုင်ဖို့ကိုလည်း စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ငလျင်ဒဏ်မခံရတဲ့ တက္ကသိုလ်တွေအနေနဲ့ မိမိတို့တက္ကသိုလ်ရဲ့ တိုးတက်ရေး၊ ဘာသာရပ်ဆိုင်ရာ တိုးတက်ရေးအတွက် ဌာနတွင်းမွမ်းမံသင်တန်းတွေကို ဖွင့်လှစ်ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့လိုပါတယ်” လို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောပါတယ်။

နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမမှာ ဧပြီ ၂၂ ရက်ကကျင်းပတဲ့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

“လျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ဆရာ ဆရာမတွေ၊ ပညာရေးဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေအတွက် ဝန်ကြီးဌာနအနေနဲ့ လွန်စွာဝမ်းနည်းရပြီး ငလျင်ဒဏ်ကြောင့် အဖြေလွှာတွေ မီးလောင်ပျက်စီးသွားတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေအတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန် ၁၆ ရက်ကနေ ၂၁ ရက်နေ့အထိ ပြန်လည်ကျင်းပသွားမှာဖြစ်လို့ သဘာဝဘေးအန္တရာယ် ခံစားခဲ့ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် လိုအပ်တာတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်ပညာရေးမှူးတွေက ပံ့ပိုးကူညီဆောင်ရွက်ပေးကြဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

ဇွန် ၂ ရက်ကစပြီး ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ဆောင်၊ စာသင်ခန်းတွေနဲ့ အိပ်ဆောင်တွေသန့်ရှင်းရေး ဆောင်ရွက်ကြရေးနဲ့ ပတ်သက်ပြီး ပညာရေးဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်ကရှင်းလင်းဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာဇော်မြင့်နဲ့ ဦးနေမျိုးလှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒုတိယပါမောက္ခချုပ်တွေ တက်ရောက် ကြပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေက ပါမောက္ခချုပ်တွေ၊ ကျောင်းအုပ်ကြီးတွေ၊ ပါမောက္ခတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်ပညာရေးမှူးတွေက အွန်လိုင်းနဲ့ တက်ရောက်ကြကြောတယ်လို့ သိရပါတယ်။

image