လမ်းအိုလား လမ်းသစ်လား
အလျင်လို လမ်းအိုလိုက်ဆိုတဲ့ စကားပုံတစ်ခုရှိတယ်။ လိုရာခရီးကို သွားတဲ့အခါမှာ သွားနေကျ လမ်းဟောင်းကို လိုက်တာက ပိုကောင်းတယ်တဲ့။ လမ်းသစ်က ဘာမှန်းမသိရဘူးတဲ့။ ကိစ္စတစ်ခုကို ဆောင်ရွက်ရမှာလည်း နည်းလမ်းဟောင်းကို အသုံးပြုသင့်တယ်တဲ့။ ရှေးထုံးလည်း မပယ်နှင့်၊ ဈေးသုံးလည်း မလွယ်နှင့်စကားပုံလိုပါပဲ။
တိုက်ခိုက်ရေးအားကစားမှာ လမ်းအိုနဲ့ လမ်းသစ်ရယ်လို့ ခွဲခြားသိမြင်မိတယ်။ ဘယ်သူကမှ ခွဲခြားထားတာ မဟုတ်ပါဘူး။ ကျွန်တော့်ကိုယ်ပိုင်အမြင်အတိုင်း ရေးလိုက်တာပါ။ ကစားသမားတွေက အဆင့်တက်အောင် ကြိုးစားလာတယ်။ ထိပ်တန်းဖြစ်လာရင် ချန်ပီယံကို တက်စိန်ခေါ်တယ်။ ချန်ပီယံဖြစ်လာရင် လက်ဖျားငွေသီးပြီ။ ချန်ပီယံကာကွယ်ပွဲတွေ ကစားပြီး ပိုက်ဆံထပ်ရှာလို့ ရသေးတယ်။ အများစုက ဒီအတိုင်းပဲ လုပ်ကြတာပါ။ ချန်ပီယံဖြစ်လာတာက လူနည်းစုပဲလေ။ အဲဒါကို လမ်းအိုရယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုမိတယ်။
ဒီနေရာမှာ တချို့နာမည်ကြီးတွေက လမ်းအိုမလိုက်ဘဲ လမ်းသစ်ဖောက်ကြတယ်။ မြင်လွယ်အောင်ပြောရရင် Darren Till ပါပဲ။ တခြားအားကစားနည်းမှာ ကျင်လည်ချင်လို့ UFC အဖွဲ့အစည်းကို ထွက်ခွာခွင့်တောင်းလိုက်တာပါ။ စာချုပ်သစ်မလုပ်ဘဲ ဘောက်ဆင်သွားထိုးတယ်။ Nate Diaz ဆိုရင် ဒီအတိုင်းပဲ လုပ်ခဲ့တာပါ။ ဘောက်ဆင်ထိုးပြီး ငွေရှာလာတယ်။ Mike Perry ကလည်း လမ်းသစ်ဖောက်ခဲ့တာပါ။ သူတို့တွေဟာ လမ်းဟောင်းသမားတွေ ဆိုပေမယ့် လမ်းသစ်ဖောက်ပြီး ကိုယ့်အနာဂတ်ကို ကိုယ်ပုံဖော်လိုက်တာပါ။ သူတို့လို လမ်းသစ်ဖောက်တာ ရှားပါတယ်။
ပေါလ်ညီနောင်အပြင် Tommy Fury နဲ့ KSI တို့လို ကစားသမားတွေက လမ်းသစ်သမားတွေပါ။ အပေါ်က လူတွေလို လမ်းအိုကနေ လမ်းသစ်ကူးလာတာ မဟုတ်ပါဘူး။ မူလတည်းက လမ်းသစ်ဖောက်ကြတာပါ။ လမ်းသစ်သမားတွေက ရိုးရိုးကုတ်ကုတ်နေလို့ မရဘူး။ ပရိသတ်စိတ်ဝင်စားအောင် လုပ်ပြရတယ်။ ဒါမှလည်း လူကြိုက်များပြီး ဝင်ငွေကောင်းမယ်လေ။
လမ်းအိုသမားတွေက စာချုပ်အတိုင်း ထိုးကြေးရတယ်။ ပုံမှန်ပွဲရတော့ ထိုးကြေးက ပူစရာမလိုဘူး။ လမ်းသစ်သမားတွေက ပွဲရမှသာ ထိုးကြေးရတာပါ။ ပွဲရရင်လည်း ထိုးကြေးကောင်းတာမို့ အချီကြီးရလိုက်ပါတယ်။ လမ်းသစ်ဖောက်ပြီး ပွဲမရရင်လည်း မံမံတူတူပုန်းသွားနိုင်တယ်။ လမ်းသစ်သမားတွေက ကြေးစားချန်ပီယံဖြစ်ဖို့ မလွယ်ပါဘူး။ လမ်းအိုသမားရဲ့ အားသာချက်က ဂုဏ်သိက္ခာဖြစ်ပြီး လမ်းသစ်သမားက ငွေကြေးပါ။ ငွေကြေးချမ်းသာတဲ့ လမ်းအိုသမားလူနည်းစုရှိပါတယ်။ ဒါက ချွင်းချက်ပါ။ လမ်းအိုနဲ့ လမ်းဟောင်းမှာ အားသာချက်၊ အားနည်းချက်ကိုယ်စီရှိကြပါတယ်။ လမ်းအိုလား လမ်းသစ်လား ဘယ်အရာကို ရွေးမလဲ။
