တိုက်ခိုက်ရေး အားကစားပရိသတ်အတွက် မရည်ရွယ်ပေမယ့် ဆောင်းပါးက စိတ်ဝင်စားဖို့ကောင်းတယ်။ Conor McGregor က အိုင်ယာလန်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲဝင်မယ်လို့ ကြေညာထားတာ အားလုံးအသိပါ။ ရွေးကောက်ပွဲက နိုဝင်ဘာလ (၁၁) ရက်မှာ ကျင်းပမှာဖြစ်ပြီး အချိန်လိုပါသေးတယ်။
သမ္မတလောင်းက အသက် (၃၅) နှစ်နဲ့ အထက်ဖြစ်ပြီး အိုင်ယာလန်နိုင်ငံသားဖြစ်ရမယ်တဲ့။ အသက် (၃၆) နှစ်အရွယ် အိုင်ယာလန်နိုင်ငံသား Conor McGregor အတွက် ကွက်တိပါပဲ။ ဒီအချက်က ပူစရာမလိုဘူး။ ပူစရာလိုတဲ့အချက်တွေလည်း ရှိနေပြန်တယ်။ အိုင်ယာလန်နိုင်ငံမှာ သမ္မတသက်တမ်းက (၇) နှစ်ဖြစ်ပြီး သမ္မတက (၂) ကြိမ်ထက်ပိုပြီး ဝင်ပြိုင်ခွင့်မရှိဘူး။ အလွန်ဆုံး (၁၄) နှစ်ပဲ သမ္မတဖြစ်ခွင့်ရှိတယ်။
အိုင်ယာလန်သမ္မတရဲ့ တစ်နှစ်လစာက ယူရို (၂၄၉,၀၁၄) ဖြစ်ပါတယ်။ ဒီနေရာမှာ သမ္မတလောင်းက ထောက်ခံချက်လိုသေးတယ်။ သမ္မတလောင်းက ပါလီမန်လွှတ်တော်အမတ် (၂၀) ရဲ့ ထောက်ခံချက် ဒါမှမဟုတ် ဒေသတွင်းကောင်စီ (၄) ခုရဲ့ ထောက်ခံချက်လိုအပ်တယ်။ ဒါမှလည်း သမ္မတလောင်းက ရွေးကောက်ပွဲဝင်နိုင်မယ်။ ပူစရာလိုတဲ့အချက်ပါ။
ထောက်ခံချက်ကိစ္စမှာ Conor McGregor တိုင်ပတ်နိုင်တယ်လို့ နိုင်ငံရေးသိပ္ပံပါမောက္ခကြီး Eoin O'Malley က သုံးသပ်ပြထားတယ်။ မုဒိမ်းမှု ဒါမှမဟုတ် တခြားလိင်မှုအရှုပ်တော်ပုံတွေကြောင့် နာမည်ပျက်ရှိဖူးတဲ့ Conor McGregor အတွက် ထောက်ခံချက်မရနိုင်ဘူးတဲ့။ ထောက်ခံချက်မရရင် ရွေးကောက်ပွဲဝင်မရဘူး။ အဖြေက ရှင်းရှင်းလေး။ အိုင်ယာလန်ပြည်သူတွေက ပွဲထိုးရင် အားပေးနိုင်ပေမယ့် သမ္မတအတွက် လက်ခံပေးဖွယ်မရှိဘူးလို့ ထပ်လောင်းပြောထားတယ်။
ရွေးကောက်ပွဲကျင်းပချိန်မှာ Conor McGregor က (၃၇) နှစ်ရှိနေပါပြီ။ သမ္မတဖြစ်ပြီပဲ ထားလိုက်ပါ။ တကယ်လို့သာ သမ္မတ (၇) နှစ်လုပ်ရင် (၄၄) နှစ်ဖြစ်သွားမယ်။ ပွဲထိုးဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ပရိသတ်က သမ္မတလုပ်မှာကို သဘောကျမှာ မဟုတ်ဘူး။ ပြောလို့သာ ပြောတာပါ။ ရွေးကောက်ပွဲဝင်ဖို့ နေနေသာသာ၊ ထောက်ခံချက်အဆင့်မှာတင် ပြုတ်ကျဖို့များပါတယ်။ လွှတ်တော်အမတ်တွေက လက်ခံဖို့ မလွယ်သလို ဒေသတွင်းကောင်စီတွေက လက်ခံမှာ မဟုတ်ဘူး။
Conor McGregor က Michael Chandler ကို စကားစနေတယ်။ မပြီးဆုံးသေးတဲ့ စီးပွားရေးကို လက်စသတ်ရအောင်တဲ့။ Michael Chandler ကလည်း ပွဲလက်ခံထားလိုက်တယ်။ ပွဲထိုးမယ်ဆိုရင် Conor McGregor က Michael Chandler ကိုပဲ အခွင့်အရေးပေးသင့်တယ်။ Michael Chandler က (၂) နှစ်လောက်စောင့်ရတာ အချိန်ကုန်တာပဲ အဖတ်တင်တယ်လေ။ အိုင်ယာလန်သမ္မတအိပ်မက်က နိုးထလိုက်ပါတော့။
