#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ မြန်မာ၌ နျူဓာတ်ပေါင်းဖိုငယ် တည်ဆောက်ရေးအစီအစဉ် မြေငလျင်ကြောင့် ထိခိုက်မှုမရှိကြောင်း ရိုဆာတမ် ပြောကြား
ယခုနှစ်မတ်လအတွင်း အဖျက်စွမ်းအားကြီးမားသည့် အင်အားပြင်းမြေငလျင် လှုပ်ခတ်ခဲ့သည့်တိုင် မြန်မာနိုင်ငံ၌ နျူကလီးယားဓာတ်ပေါင်းဖိုငယ် တည်ဆောက်ရေးစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရုရှားအစိုးရ၏ ရိုဆာတမ်စွမ်းအင်ကုမ္ပဏီက ရိုက်တာသတင်းဌာနသို့ ဧပြီ ၂၂ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
မြန်မာနှင့် ရုရှားနိုင်ငံတို့သည် အသေးစား နျူကလီးယားဓာတ်ပေါင်းဖိုငယ်တစ်ခု မြန်မာ၌တည်ဆောက်ရန် ပြီးခဲ့သည့်လအတွင်း သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်သည်။
အင်အားရစ်ချ်စတာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း မြေငလျင် မလှုပ်ခတ်မီသီတင်းသုံးပတ်အလိုတွင် အထက်ပါ သဘောတူညီချက်ကို ရုရှားနှင့် မြန်မာတို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းမြေငလျင်ကြောင့် မြန်မာနိုင်ငံ၌ အသေးစားနျူကလီးယားဓာတ်ပေါင်းဖိုငယ် တည်ဆောက်မည့်အစီအစဉ် ထိခိုက်ခြင်းမရှိကြောင်း ရိုဆာတမ် စွမ်းအင်ကုမ္ပဏီ သတင်းထုတ်ပြန်ရေးအဖွဲ့က ရိုက်တာသတင်းဌာနသို့ ထုတ်ဖော်ပြောကြားထားသည်။
သို့ရာတွင် နျူကလီးယားဓာတ်ပေါင်းဖိုငယ် တည်ဆောက်ရေးအချိန်ကာလနှင့် တည်ဆောက်မည့် တည်နေရာကဲ့သို့ အသေးစိတ်အချက်အလက်များနှင့် ပတ်သက်ပြီးထုတ်ဖော်ပြောကြားရန် ရိုဆာတမ်စွမ်းအင်ကုမ္ပဏီက ငြင်းပယ်ထားသည်။
မြန်မာနှင့် ရုရှားတို့လက်မှတ်ရေးထိုးထားသော သဘောတူညီချက်အရ ရိုဆာတမ်ကုမ္ပဏီသည် ၅၅ မဂ္ဂါဝပ် ဓာတ်ပေါင်းဖိုငယ်နှစ်လုံးပါဝင်ပြီး စက်တပ်ဆင်အင်အား ၁၁ဝ မဂ္ဂါဝပ်ရှိမည့် အသေးစား နျူကလီးယားဓာတ်ပေါင်းဖို (SMR)တစ်လုံး တည်ဆောက်ပေးရမည်ဖြစ်သည်။
မတ် ၂၈ ရက်မြေငလျင်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မန္တလေးနှင့် နေပြည်တော်တို့၌ အပျက်အစီး ကြီးမားခဲ့ပြီး လက်ရှိအချိန်ထိသေဆုံးသူအရေအတွက် ၃၇ဝဝ ကျော်ရှိခဲ့ပြီဖြစ်သည်။
ရိုက်တာ

image