#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ထိုင်းနိုင်ငံ၌ ဖုဒ်ပန်ဒါဝန်ဆောင်မှု မေ ၂၃ ရက်တွင် ရပ်နားမည်
ထိုင်းနိုင်ငံတွင် Delivery Hero ၏ Foodpanda ဝန်ဆောင်မှုများကို လာမည့် မေ ၂၃ ရက်မှစတင်ကာ ရပ်နားရန်ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ဗန်ကောက်ပို့စ်သတင်းဌာနက ဧပြီ ၂၃ ရက်တွင် ရေးသားဖော်ပြထားသည်။
Food panda အနေဖြင့်ထိုင်းနိုင်ငံ၏ အစားအစာပို့ဆောင်ရေး ဈေးကွက်တွင် ခိုင်မာသည့်နေရာတစ်ခုရရှိရန် ရုန်းကန်နေရပြီး လက်ရှိတွင် ထိုင်းနိုင်ငံ၌၎င်းတို့ရရှိနေသည့် ဈေးကွက်ဝေစုမှာ ၁၅ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။
ထို့ကြောင့် Foodpanda ၏ မိခင်ကုမ္ပဏီဖြစ်သည့် Delivery Hero က ထိုင်းနိုင်ငံတွင် ၎င်းတို့၏ဝန်ဆောင်မှုများကို မေ ၂၃ ရက်မှစတင်ကာ ရပ်နားမည်ဖြစ်ကြောင်း ကြေညာလိုက်ခြင်း ဖြစ်သည်။
Delivery Hero အနေဖြင့်ထိုင်းနိုင်ငံမှ ဝန်ထမ်းများ၊ ဖောက်သည်များ၊ လက်တွဲဖော်များနှင့် Rider များကိုအထူးပင် ကျေးဇူးတင်ရှိပါကြောင်း ကုမ္ပဏီ၏ကြေညာချက်တွင် ပါဝင်သည်။ Delivery Hero သည်ဒိန်းမတ်နိုင်ငံ၊ ဂါနာနိုင်ငံ၊ ဆလိုဗက်ကီးယားနိုင်ငံနှင့် ဆလိုဗေးနီးယားနိုင်ငံတို့တွင်လည်း ၎င်းတို့၏လုပ်ငန်းများကို ရပ်နားခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Delivery Hero သည် အဆိုပါနိုင်ငံများတွင် ဝန်ဆောင်မှုများကို ရပ်နားလိုက်သော်လည်းတခြား အာရှ-ပစိဖိတ် ဒေသများတွင် အာရုံစိုက်ပြီး လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်မည် ဖြစ်ကြောင်း၊ ကုမ္ပဏီကအာရှ-ပစိဖိတ် အတွက် အရောင်းမြှင့်တင်ရေးနှင့် လူသားအရင်းအမြစ်လုပ်ငန်းများကဲ့သို့ ဝန်ဆောင်မှုများကို လုပ်ပေးနေသည့် ထိုင်းနိုင်ငံအခြေစိုက်အဖွဲ့က လုပ်ငန်းများကိုမူ ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏အစားအစာ ပို့ဆောင်ရေးဈေးကွက်တွင် Lineman Wongnai က ဈေးကွက်ဝေစု ၄၄ ရာခိုင်နှုန်း၊ Grab Food က ၃၉ ဒသမ ၄ ရာခိုင်နှုန်းနှင့် Food panda က ၁၅ ရာခိုင်နှုန်း အသီးသီးရရှိထားခြင်းဖြစ်သည်။
Source; Bangkok Post
