1 ပတ် - ဘာသာပြန်ပါ။

Alibaba ရဲ့ ကင်ဆာရှာတဲ့ AI tool အမေရိကန်ခွင့်ပြု
ပန်ကရိယကင်ဆာကို AI နဲ့ ရှာနိုင်တဲ့ Alibaba ရဲ့ နည်းပညာကို အမေရိကန်တွေဘက်က အရေးကြီးထုတ်ကုန်သတ်မှတ်ချက်ထဲ ထည့်ပေးလိုက်တယ်လို့ ဆိုပါတယ်။
FDA က လူ့အသက်ကို ခြိမ်းခြောက်နေတဲ့ ရောဂါတွေ ကုသဆန်းစစ်ရေးမှာ ထိရောက်တဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေအတွက် Breakthrough Device Designation ဆိုတဲ့ အထူးပရိုဂရမ်တစ်ခု ရှိပါတယ်။ Alibaba ရဲ့ ကင်ဆာရှာတဲ့ AI tool ကိုလည်း ဒီ program ထဲမှာ ထည့်ပြီး FDA ဘက်က သုံးသပ်မှုနဲ့ ခွင့်ပြုမှုတွေ အမြန်လုပ်ဖို့ ပြင်နေပါတယ်။
တရုတ်နည်းပညာလုပ်ငန်းစုကြီး ဖြစ်တဲ့ Alibaba Group Holding အောက်မှာ Damo Academy ဆိုတဲ့ သုတေသနဌာနတစ်ခု ရှိပါတယ်။ Damo Panda ဆိုတဲ့ AI model က အဲ့ဒီဌာနက ထုတ်တာပါ။ Damo Panda ကို Alibaba စပြီး ချပြခဲ့တာ ၂၀၂၃ နိုဝင်ဘာကတည်းကလို့ ဆိုပါတယ်။
Damo Panda က ပန်ခရိယကင်ဆာကို ရှာနိုင်တဲ့ AI tool ဖြစ်ပြီး PANDA ဆိုတာ Pancreatic Cancer Detection with AI ရဲ့ အတိုကောက်ကို ပြောတာပါ။ ဒီ tool က ကင်ဆာလက္ခဏာမပြသေးတဲ့ လူနာတွေမှာ ကင်ဆာအကြိတ်ကနဦးအဆင့်မှာကတည်းက ရှာဖွေနိုင်စွမ်း ရှိတယ်လို့ Nature Medicine ဆေးသုတေသနဂျာနယ်စာတမ်းမှာ ဖော်ပြထားပါတယ်။
ဒီ deep learning model က ပန်ကရိယကင်ဆာဝေဒနာရှင် ၃၂၀၈ ဦးရဲ့ ဝမ်းဗိုက်ပိုင်း Non-contrast CT scan တွေပေါ်မှာ train ထားတာပါ။ စမ်းသပ်ချက်တွေအရ ဒီ tool က ရောဂါရှာဖွေနိုင်စွမ်း တိကျမှု ၉၂.၉% ၊ ရောဂါပြချက်မှန်မှု ၉၉.၉% ရှိတယ်လို့ဆိုပါတယ်။ အချက်အလက်တွေအရဆို AI က ဓါတ်မှန်ပညာရှင်တွေထက် ရောဂါရှာနိုင်စွမ်း ၃၄.၁% ပိုမြင့်တယ်လို့ အဲ့ဒီအချိန်က Damo သုတေသီတွေ ပြောထားတာ ရှိပါတယ်။
အခု တရုတ်ပြည်မှာလည်း Damo Panda AI ကို စပြီး စမ်းသုံးနေပြီလို့ ဆိုပါတယ်။ အရှေ့ပိုင်း နင်ဘိုမြို့က ဆေးရုံတစ်ရုံမှာ ဒီနည်းပညာနဲ့ လူပေါင်း ၄ သောင်းကို စစ်ဆေးကြည့်ရှုခဲ့ပြီး ကင်ဆာအစောပိုင်းအဆင့်ဖြစ်နေသူ ၆ ဦးကို ရှာတွေ့ခဲ့တယ်လို့ ပြောပါတယ်။ ဒီ ၆ ခုထဲမှာ ၂ ခုက ပုံမှန်စမ်းသပ်ချက်တွေနဲ့ ရှာတုန်းက မတွေ့ခဲ့ဘူးလို့လည်း ဆိုပါတယ်။
Alibaba ဟာ Damo Academy ရဲ့ AI model ကို ပြည်တွင်းပြည်ပတွေမှာ ဖြန့်ဖို့ ပြင်နေပြီး Ankon Medical Technologies တို့လို ဆေးဘက်ဆိုင်ရာကုမ္ပဏီတွေနဲ့လည်း လက်တွဲထားတယ်လို့ ပြောပါတယ်။ Alibaba လိုပဲ တခြား တရုတ်နည်းပညာကုမ္ပဏီကြီးတွေလည်း အဆင့်မြင့် ကျန်းမာရေးစောင့်ရှောက်မှုပိုင်းသုံး AI တွေ ဖန်တီးနေပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာပဲ Huawei ကုမ္ပဏီဟာ ရှန်ဟိုင်းအခြေစိုက် Ruijin ဆေးရုံနဲ့ ပေါင်းပြီး ဆရာဝန်သုံး ကင်ဆာလက္ခဏာတွေ ဆန်းစစ်ရေး AI model တစ်ခု ဖြန့်ချိထားပါတယ်။

image