1 ပတ် - ဘာသာပြန်ပါ။

Google သာ ရောင်းရင် Chrome ကို ဝယ်မယ့် OpenAI
ကြည့်ရတာ Google တော့ Chrome ကို ရောင်းရမယ့်ကိန်းပါပဲ။
ဈေးကွက်လက်ဝါးကြီးအုပ် monopoly လုပ်တယ်ဆိုတဲ့ စွပ်စွဲမှုတွေကနေ Google Chrome browser ရောင်းဖို့ ဖိအားပေးခံနေရပါတယ်။ Chrome ကို Google အောက်က ခွဲထုတ်လိုက်မှပဲ ဈေးကွက်မောင်ပိုင်စီးတဲ့ပြဿနာ ရှင်းနိုင်မယ်လို့ ပြောနေပါတယ်။
ပြီးခဲ့တဲ့လကပဲ အမေရိကန်တရားရေးဌာန DOJ က Google ဟာ Chrome ကို ရောင်းထုတ်ဖို့ လိုတယ်လို့ ကြေညာထားပါတယ်။ တကယ်လို့ Google သာ Chrome ရောင်းမယ်ဆိုရင် ထိပ်ဆုံးက ပြေးဝယ်မှာက OpenAI ပါ။
ဒီတစ်ပတ် အင်္ဂါနေ့ တရားရုံးကြားနာစစ်ဆေးမှုမှာ ChatGPT ထုတ်ကုန်အကြီးအကဲ နစ်ခ်တာလီက Google ရောင်းမယ်ဆို Chrome ကို ဝယ်ဖို့ စိတ်ဝင်စားတယ်လို့ ပြောသွားတာပါ။ OpenAI က Chrome မှာ ChatGPT ကို တိုက်ရိုက်ပေါင်းစည်းချင်နေတာ ဖြစ်ပါတယ်။
အဲ့အတွက်လည်း Chrome နည်းပညာသုံးခွင့်ရအောင် Google နဲ့ OpenAI လက်တွဲလုပ်ဖို့ ကြိုးစားဖူးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လုပ်ငန်းခွင်ဆွေးနွေးမှုအဆင့်အထိ ရောက်မလာခဲ့သလို OpenAI နဲ့ google လည်း အတူတူ partnership မရှိခဲ့ဘူးလို့ တာလီက ပြောပါတယ်။
Chrome ထဲမှာသာ ChatGPT ထည့်နိုင်ရင် မယုံနိုင်အောင် အံ့ဖွယ်ကောင်းတဲ့ အတွေ့အကြုံတွေ ပေးနိုင်ပြီး အသုံးပြုသူတွေကို AI အတွေ့အကြုံဆန်းတွေ ချပြနိုင်မယ်လို့ တာလီက ဆိုပါတယ်။ အခုလည်း ChatGPT ရဲ့ Search စနစ်က တော်တော်လေး အားကောင်းလာနေတာ ဖြစ်လို့ သူပြောသလို Chrome နဲ့သာ ပေါင်းစည်းနိုင်ရင် မယုံနိုင်အောင် ပြောင်းလဲသွားနိုင်ပါတယ်။
လက်ရှိ browser ဈေးကွက်မှာ Chrome က ကမ္ဘာတလွှားအသုံးပြုသူ သန်း ၃၀၀၀ ကျော်ရှိပြီး ဈေးကွက်ဝေစု ၆၇% ရထားတာပါ။ တကယ်လို့ Chrome သာ ရောင်းထုတ်ဖို့ အမိန့်ကျလာရင်တော့ ၁၉၈၀ ပြည့်လွန်နှစ်တွေက တယ်လီကွန်းကုမ္ပဏီ AT&T ဖြစ်ရပ်နောက်ပိုင်း အမေရိကန်ရဲ့ အကြီးဆုံးကုမ္ပဏီခွဲထုတ်မှု ဖြစ်လာနိုင်ပါတယ်။
အမေရိကန်အစိုးရကတော့ Google လိုပဲ Meta ကိုလည်း ဈေးကွက်ပြိုင်ဆိုင်ရေးချိုးဖောက်မှုနဲ့ စစ်ဆေးနေပါတယ်။

image