အိန္ဒိယ ကက်ရှ်မီးယားဒေသမှာ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် လူနှစ်ဒါဇင်ကျော် သေဆုံး
ဒေလီ၊ ဧပြီ-၂၃-၂၀၂၅
ရတီ(VOM)
အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသရှိ ခရီးသွားနေရာတခုမှာ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် လူ ၂၆ ယောက်သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီ တိုက်ခိုက်မှုဟာ ဟိမ၀န္တာတောင်တန်းတွေရှိ အိန္ဒိယရဲ့ ဆွစ်ဇာလန်လို့ တင်စားခံရတဲ့ ပါဟယ်ဂမ်မှာ ဖြစ်ပွားခဲ့တာပါ။ ဒဏ်ရာရသူအများအပြားရှိ အချို့ကတော့ စိုးရိမ်ရတယ်လို့ ဒေသန္တရ တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ ရုရှားသမ္မတ ပူတင်နဲ့ ဥရောပသမဂ္ဂအကြီးအကဲ ဗွန်ဒါလီယန်တို့အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေက ဒီတိုက်ခိုက်မှုကို ရှုတ်ချထားပါတယ်။ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ကတိကဝတ်အတိုင်း ကျူးလွန်သူတွေကို အရေးယူမယ်လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောပါတယ်။
မကြာသေးမီကာလအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ လျော့နည်းခဲ့ပေမယ့် ၁၉၈၉ ခုနှစ်ကတည်းက မွတ်ဆလင်အများစုရှိရာ ဒီဒေသမှာဖြစ်ပွားခဲ့တဲ့ လက်ရှိတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လု်ပဆောင်တယ်ဆိုတာ ထုတ်ဖော်ကြေညာတာမျိုးမရှိသေးပါဘူး။
တိုက်ခိုက်မှုဟာ ပါဟယ်ဂမ်ကနေ သုံးမိုင်အကွာ တောင်ထိပ်မြက်ခင်းပြင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီနေရာဟာ မော်တော်ယာဉ်တွေ မရောက်နိုင်ကြောင်း ၊ ဒဏ်ရာရသူတွေကို ဒေသတွင်း ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အဲဒီဒေသမှာ ၁၉၉၀ ပြည့်နှစ်အလွန်နှစ်တွေကလည်းက အိန္ဒိယအုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင် ခွဲထွက်ရေး လှုပ်ရှားမှုတွေကြောင့် အရပ်သားနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်

image