#နိုင်ငံတကာသတင်း
◼ဆယ်ကျော်သက်အကောင့်များတွင် အသက်လိမ်ထားခြင်းရှိ၊မရှိဆုံးဖြတ်ရန် အင်စတာဂရမ်က ဉာဏ်ရည်တုနည်းပညာအသုံးပြု
ဆယ်ကျော်သက်များက အက်ပလီကေးရှင်းတွင် ၎င်းတို့၏ အသက်ကို လိမ်ထားသလားဆိုသည်ကို ဆုံးဖြတ်ရန် အင်စတာဂရမ် က ဉာဏ်ရည်တုနည်းပညာ( AI )ကို စမ်းသပ်အသုံးပြုနေပြီဖြစ်ကြောင်း မိခင်ကုမ္ပဏီ Meta က ပြောကြားသည်။
အသုံးပြုသူများ၏ အသက်ကို ဆုံးဖြတ်ရန် ဉာဏ်ရည်တုနည်းပညာ( AI )ကို အသုံးပြုနေသည်မှာ အချိန်အတန်ကြာပြီဖြစ်ကြောင်း အင်စတာဂရမ်က ပြောကြားပြီး ယခုအခါတွင် ဓာတ်ပုံနှင့် ဗီဒီယိုများ မျှဝေသော အက်ပလီကေးရှင်းအနေဖြင့် အကောင့်ဖွင့်စဉ်က အသက်အမှန်ကို မထည့်ထားသော်လည်း ဆယ် ကျော် သက်များက ပိုင်ဆိုင်ထားသည်ဟု မသင်္ကာသော အကောင့်များကို တက် တက်ကြွ ကြွရှာဖွေသွားတော့မည်ဖြစ်ကြောင်း သိရသည်။
အသုံးပြုသူတစ်ဦးက အသက်လိမ်ထားသည်ဟု ဆုံးဖြတ်ခံခဲ့ရပါက ယင်းအကောင့်သည် အလိုအလျောက် ဆယ်ကျော်သက်အကောင့်အဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီးဆယ်ကျော်သက်အကောင့်များမှာ အရွယ် ရောက် ပြီးသူ လူကြီးများအကောင့်ထက် ကန့်သတ်မှုများပိုများသည်။
ဆယ်ကျော်သက်အကောင့်များကို မူလကတည်းက ပုဂ္ဂလိကအကောင့်အဖြစ် ခွဲခြားထားပြီး ၎င်းတို့နှင့် ချိတ်ဆက်ထားသူများ နှင့် ဖောလိုးလုပ်ထားသော အကောင့်များထံမှ မက်ဆေ့ချ်များကိုသာ မြင်တွေ့ နိုင်ရန် ပုဂ္ဂလိကအကောင့်များကို ကန့်သတ်ထားသည်။
ထို့ပြင်ခိုက်ရန်ဖြစ်ပွားနေသော ဗီဒီယိုများနှင့် အလှအပဆိုင်ရာ ဗီဒီယိုများကဲ့သို့ အကဲဆတ်သော ဗီဒီယိုများကိုလည်း ယင်းအကောင့်များတွင် ကန့်သတ်ထားကာ မိနစ် ၆၀ အသုံးပြုပြီးပါကလည်း အသိပေးသော စာတန်းများ တက်လာမည်ဖြစ်သည်။
ည ၁၀ နာရီ မှ နံနက် ၇ နာရီအတွင်းတွင် “sleep mode” ဝင်နေအောင်ဖန်တီးထားကာ ထိုအချိန်အတောအတွင်း တိုက်ရိုက်မက်ဆေ့ချ်များဝင်လာပါကလည်း အလိုအလျောက်စနစ်က ပြန်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ဆယ်ကျော်သက်တစ်ဦးအကောင့်၏အရိပ်လက္ခဏာများကိုသိရှိအောင်လည်း၎င်းတို့၏ဉာဏ်ရည်တုနည်းပညာအား လေ့ကျင့်ပေးထားကြောင်း ယင်းတွင် မည်သို့သော အွန်လိုင်းရေးသား ဖန်တီးမှုများနှင့် ဆက်သွယ်ပြောဆိုခြင်း ၊ ကိုယ်ရေးအချက်အလက် နှင့် အကောင့်အား မည်သည့်နေရက်က ဖန်တီးခဲ့ခြင်းစသည်တို့ကို ကြည့်ရှု၍ အသုံးပြုသူ၏ အသက်ကို ဆုံးဖြတ်ကြောင်း လည်း Meta က ပြောကြားသည်။
ဆိုရှယ်မီဒီယာများ အသုံးပြုခြင်းကြောင့် လူငယ်များအပေါ် စိတ်ပိုင်းဆိုင်ရာ ၊ရုပ် ပိုင်းဆို င်ရာကျန်းမာရေးကျန်းမာရေးကို မည်သို့ ထိခိုက်စေနိုင်ကြောင်း နှင့်ပတ်သက်၍ စိစစ်လေ့ လာ ထုတ် ဖော်ပြောကြားမှုများ များပြားလာခဲ့ပြီးနောက် အထက်ပါ အရေးယူမှုများ ထွက်ပေါ်လာခြင်းဖြစ်ကြောင်းသိရသည်။
သတင်း-ရဲမင်း
ကိုးကား-AP
