2 ပတ် - ဘာသာပြန်ပါ။

မူဝါဒ အပြောင်းအလဲကြောင့် ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲလာ
ဧပြီ ၂၂ - ၂၀၂၅
SS (VOM)
နစကရဲ့ မူဝါဒ အပြောင်းအလဲတွေကြောင့် ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းတွေ ရေရှည် ရပ်တည်နိုင်ဖို့ ခက်ခဲလာနေတယ်လို့ အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
လက်ရှိမှာ ရန်ကုန်မှာ ဖွင့်လှစ်ထားတဲ့ အေဂျင်စီတွေသာမက အဲဒီအေဂျင်စီတွေနဲ့ ချိတ်ဆက်ပြီး နယ်ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်နေတဲ့သူတွေမှာလည်း အခက်အခဲတွေ ဖြစ်ပေါ်နေပြီး နစကရဲ့ လုပ်ငန်းစဉ် မူဝါဒသစ်အရ ပြည်ပ အလုပ်အကိုင်တွေအတွက် အရင်ကလို အလုပ်သမားတွေ စေလွှတ်ပေးနိုင်ခြင်း မရှိတော့တာကြောင့် ဆက်လက် ရပ်တည်နိုင်ဖို့ ခက်ခဲလာတယ်လို့ သိရပါတယ်။
“ရန်ကုန်မှာ ဖွင့်လှစ်ထားတဲ့ အေဂျင်စီတွေထက် ပိုဆိုးတာက နယ်ကိုယ်စားလှယ် လုပ်နေတဲ့သူတွေပဲ။ သူတို့က သူတို့နေထိုင်တဲ့ ရပ်ကွက်၊ ကျေးရွာတွေမှာ နိုင်ငံခြားမှာ အလုပ်လုပ်မယ့်သူတွေကို မြေပြင်မှာ ရှာဖွေပေးရတာ။ သူတွေထဲက တချို့သူတွေဆိုရင် ဖြေရှင်းရမယ့် ပြသနာတွေနဲ့ ငွေရေးကြေးရေး အရှုပ်အရှင်းတွေ၊ ပတ်စ်ပို့ ပြဿနာတွေကြောင့် မူရင်း နေရပ်ကနေတောင် ထွက်ပြေး တိမ်းရှောင်နေရတာတွေ ရှိနေတယ်” လို့ အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။
ဒါအပြင် သက်ဆိုင်ရာ မြို့နယ် ရဲစခန်းတွေမှာလည်း အမှုဖွင့်ခံထားရတာကြောင့် အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး အမှုအခင်းတွေလည်း များပြားလာနေတယ်လို့ ဆိုပါတယ်။
ဒါအပြင် လက်ရှိမှာလည်း အလုပ်ရှင်၊ အလုပ်သမား၊ အေဂျင်စီ သုံးပွင့်ဆိုင် ချုပ်ဆိုရတဲ့ Employment Contract (EC) စာချုပ် ချုပ်ပြီးသား အသက် ၁၈ မှ ၃၅ အထိ ယောင်္ကျားလေးတွေကို အသက် ကန့်သတ်ချက်အရ ပြည်ပထွက်ခွင့် မပေးတော့တဲ့အတွက် အေဂျင်စီတွေအနေနဲ့ လုပ်ငန်း ပုံမှန် လည်ပတ်နိုင်ဖို့ ပိုပြီး အခက်တွေ့နေရတယ်လို့ သိရပါတယ်။
အရင်က အမျိုးသားတွေ ပြည်ပထွက် အလုပ်လုပ်ခွင့်နဲ့ ပတ်သက်လို့ အသက် ကန့်သတ်ချက်ကို အသက်၂၃ နှစ်မှ ၃၁ နှစ်အထိ သတ်မှတ်ထားတာဖြစ်ပြီး အခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့မှာတော့ အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ ပြောင်းလဲ ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။
အသက်ကန့်သတ်ချက် ထပ်မတိုးခင် ဇန်နဝါရီ ၃၀ ရက်အထိ EC စာချုပ် ချုပ်ဆိုထားတဲ့ အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ အမျိုးသားတွေကို ပြည်ပနိုင်ငံတွေဆီ စေလွှတ်ခွင့်ပေးမယ်လို့ အလုပ်သမား ဝန်ကြီးဌာနက နှုတ်ကတိ ပြုခဲ့တယ်လို့ သိရပြီး တကယ့်လက်‌တွေ့ မြေပြင် အခြေအနေမှာတော့ ခွင့်ပြုခြင်း မရှိခဲ့ဘူးလို့ အေဂျင်စီ အကျိုးဆောင် တယောက်က ပြောပါတယ်။
“ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့မှာ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (Oversea Worker Identification Card - OWIC) ရရှိပြီးသား ထိုင်းအေဂျင်စီ ခြောက်ခုကို အစိုးရချင်း နှစ်နိုင်ငံ သဘောတူစာချုပ် (MoU) စနစ်နဲ့ ထိုင်းနိုင်ငံကို သွားရောက် လုပ်က်ိုင်မယ့် အလုပ်သမားတွေ စေလွှတ်နိုင်ဖို့ အလုပ်သမားဝန်ကြီးဌာနက စေလွှတ်ခွင့်ပြုချက် ချပေးခဲ့ပါတယ်။ ငလျင်ဒဏ်သင့်ပြီး နောက်ပိုင်းမှာ အေဂျင်စိိီ အစီအစဥ်နဲ့ ပထမဆုံး စေလွှတ်ခွင့်ပြုချက် ရရှိခဲ့တာလို့ ဆိုချင်ဆိုလို့ရပါတယ်။ ဒါပေမယ့် အဲဒီလို စေလွှတ်ခွင့်ပြုမိန့် ချပေးမှုမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အောက် ယောင်္ကျားလေးတွေ မပါခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အသက်ကန့်သတ်ချက်အရလို့ ဆိုပါတယ်” လို့ သူက ပြောပါတယ်။
လတ်တလော အခက်အခဲတွေနဲ့ ပတ်သက်လို့ မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA) နဲ့ အေဂျင်စီတွေဟာ နည်းလမ်း အမျိုးမျိုးနဲ့ စာချုပ်ပြီးသား အလုပ်သမားတွေ ထွက်ခွာခွင့်ရရှိအောင် ကြိုးပမ်းလျက်ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း စေလွှတ် လုပ်ငန်းစဥ်တွေနဲ့ ခွင့်ပြုချက်တွေ အားလုံးကို အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန (နေပြည်တော်) ကပဲ ဆုံးဖြတ်တာ ဖြစ်တဲ့အတွက် ‌နောက်ပိုင်းကာလတွေမှာ အပြောင်းလဲတွေ ရှိ၊ မရှိ ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်သွားရမှာပဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ကျွန်တော်အနေနဲ့ကတော့ ပြောင်းလဲမှု ရှိနိုင်၊ မရှိနိုင် မျှော်လင့်ချက်က ရာခိုင်နှုန်း ၅၀၊ ၅၀ စီပဲလို့ ပြောချင်တယ်။ ဒါ ဘာ့ကြောင့်လဲဆို အဓိကအချက်ကို ပြောရရင် နိုင်ငံတော် မူဝါဒတခုကြောင့်လို့ပဲ ပြောရမယ်။ ပြည်တွင်း လုပ်သားရှားပါးနေမှု ပြဿနာကြောင့်ပေါ့။ ပြည်ပထွက် အလုပ်လုပ်နေသူတွေ များပြားနေတယ်၊ ပြည်တွင်းမှာ အလုပ်သမားရှားပါးမှု ဖြစ်နေတယ်လို့ နစက က နေပြည်တော် အစည်းဝေးတခုမှာ ပြောသွားပြီးတဲ့နောက်ပိုင်း ဒီကန့်သတ်ချက်တွေ ဖြစ်လာတာပဲ” လို့ သူက ပြောပါတယ်။
နစကအနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့မှ စတင်ကာ အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေကို ပြောင်းလဲ ခန့်အပ်ခဲ့ပြီး နောက်ပိုင်းမှာ မြန်မာလုပ်သားတွေကို ပြည်ပ ထွက်ခွာခွင့်နဲ့ ပတ်သက်လို့ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်လာခြင်း ဖြစ်ပါတယ်။
အလုပ်သမားဝန်ကြီးအသစ် ဦးချစ်ဆွေက လက်ရှိ နိုင်ငံရဲ့ အခြေအနေအရ ပြည်ပကို အလုပ်သမားတွေ သွားရောက်မှုမှာ အရေအတွက်အားဖြင့် အလွန်များပြားနေပြီး ပြည်ပထွက်ခွာတဲ့ လုပ်ငန်းစဉ်မှာလည်း အလွန်မြန်ဆန်နေတာကြောင့် ပြည်ပထွက်မယ့် အလုပ်သမားအရေအတွက် လျှော့ချပြီး လုပ်ငန်းစဉ်တွေကို ပိုမိုစိစစ်သွားမှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပြည်ပအလုပ်အကိုင် အေဂျင်စီတွေနဲ့ တွေ့ဆုံစဉ်မှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
Photo - CJ

image