အပင်နဲ့ အယ်လဂျီရေညှိ (algae) ရဲ့ ကလိုရိုဖီးလ်ကို ကလိုရိုပလက်စ် (chloroplast) အင်္ဂါနုပ်ထဲမှာ တွေ့ရပါတယ်။ ကလိုရိုပလက်စ် ကိုယ်တိုင်က ဆိုင်ယန်နိုဘက်တီးရီးယား (cyanobacteria) ကနေ ဆင်းသက်တာ ဖြစ်ပြီး ဆိုင်ယန်နိုဘက်တီးရီးယားက အလင်းမှီ အစာစုဖွဲ့တဲ့အခါမှာလည်း ကလိုရိုဖီးလ်ကို အသုံးပြုပါတယ်။ တဖန် အလင်းမှီ အစာစုဖွဲ့တဲ့ ဘက်တီးရီးယားထဲမှာ ဆိုင်ယန်နိုဘက်တီးရီးယားပဲ ရှိတာလည်း မဟုတ်ပါ။ ဆိုင်ယန်နိုဘက်တီးရီးယား နဲ့ အပင်မှာ အလင်းမှီ အစာစုဖွဲ့တဲ့အခါ ရေကို ဖြိုခွဲတဲ့အတွက် ဘေးထွက်ပစ္စည်းအနေနဲ့ အောက်ဆီဂျင် ထွက်ပေါ်ပါတယ်။ ရေကို ဖြိုခွဲမယ့်အစား ဟိုက်ဒရိုဂျင်ဆာလဖိုက် လို ဓာတ်ပစ္စည်းကို ဖြိုခွဲတဲ့ အလင်းမှီ အစာစုဖွဲ့နည်းလည်း ရှိတယ်။ သူတို့က အောက်ဆီဂျင် မထွက်လို့ "အောက်ဆီဂျင်မဲ့ အလင်းမှီသက်ရှိ" (anoxygenic phototroph) လို့ခေါ်တယ်။ အဲဒီ့လို အောက်ဆီဂျင်မဲ့ အလင်းမှီ အဏုဇီဝတွေမှာလည်း ကလိုရိုဖီးလ်နဲ့ ဆင်တူတဲ့ ဘက်တီရီယိုကလိုရိုဖီးလ် (bacteriochlorophyll) ခေါ် စိမ်းရောင်ခြယ် တမျိုး ရှိပါတယ်။
မီသန်နိုဂျင် အဏုဇီဝက ဟိုက်ဒရိုဂျင်နဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ကို ဓာတ်ပြုပြီး စွမ်းအင် စုဆောင်းပါတယ်။ အဲဒီ့ကနေ မီသိန်းဓာတ်ငွေ့က ဘေးထွက်ပစ္စည်း အနေနဲ့ ထွက်ပေါ်တယ်။ Coenzyme F430 ဟာ အဲဒီ့ မီသိန်းထုတ် စွမ်းအင်စုဆောင်းရေးမှာ ဓာတ်ကူပစ္စည်းအနေနဲ့ ပါဝင်ပတ်သက်ပါတယ်။ မီသိန်းထုတ် ဇီဝရုပ်ဖြစ်စဉ်က ရှေးကျတဲ့ စွမ်းအင် စုဆောင်းနည်း ဖြစ်တာကြောင့် coenzyme F430 ကိုယ်တိုင်က ရှေးကျတဲ့ ပေါ်ဖိုင်ရင် တစ်မျိုး ဖြစ်ပါတယ်။
"ပေါ်ဖိုင်ရင်" ဒြပ်ပေါင်းတွေက အဏုဇီဝလောကမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတာကို ကြည့်ခြင်းအားဖြင့် ယနေ့ခေတ် ပန်းမန်တိရစ္ဆာန်တွေမှာ သံ၊ မက်ဂနီဆီယမ်၊ ကိုဘော့ သတ္တုတွေကို ခပ်ဆင်ဆင် ချိတ်ဆက် အသုံးပြုနည်းတွေဟာ ကမ္ဘာဦး အဏုဇီဝတွေကနေ ဆင်းသက်ခဲ့ကြောင်း ထင်ရှားစေပါတယ်။
"ပေါ်ဖိုင်ရင်" တွေက အလင်းနဲ့ ဓာတ်ပြုလွယ်တယ်။ အရောင်တောက်တောက်တွေ ရှိတယ်။ ဟီးမ်က သွေးနီရောင်ရှိတယ်။ ကလိုရိုဖီးလ်က အစိမ်းရောင်ဖြစ်တယ်။ ကိုဘယ်လမင်ကလည်း ပန်းရောင် တောက်တောက် ဖြစ်ပါတယ်။ ကလိုရိုဖီးလ်က အလင်းကို စုပ်ယူနိုင်သလိုပဲ၊ ကိုဘယ်လမင်ဟာ အလင်းနဲ့ ကြာကြာထိတွေ့ရင် ပျက်စီးပါတယ်။ ဒါကြောင့် ဗီတာမင် B12 ကို အမှောင်ထဲမှာ သိမ်းဆည်းရပါတယ်။
သက်ရှိဟာ ဟီးမ်၊ ကလိုရင်၊ ကော်ရင် စသဖြင့် အသုံးတည့်မယ့် "ပေါ်ဖိုင်ရင်"တွေကို ထုတ်လုပ်ဖို့အတွက်၊ "ပေါ်ဖိုင်ရင်" အကြို ဒြပ်ပေါင်းတွေကို အဆင့်ဆင့် တည်ဆောက်ရပါတယ်။ တချို့သတ္တဝါတွေမှာ မျိုးဗီဇပြောင်းမှုကြောင့် အဲဒီ့ထဲ အဆင့်တစ်ခုခုမှာ အားနည်းနေရင် ခန္ဓာကိုယ်ထဲမှာ "ပေါ်ဖိုင်ရင်" အကြိုဒြပ်ပေါင်းတွေ စုပုံလာပြီး အန္တရာယ်ပေးပါတယ်။ မြင်လွယ်အောင် ပြောရရင် အကြိုဒြပ်ပေါင် A နဲ့ B ရှိတယ် ဆိုပါစို့။ "C" ဆိုတဲ့ နောက်ဆုံး အဆင့် ကို ထုတ်လုပ်ဖို့ A--B--C ဆိုပြီး အဆင့်ဆင့် တည်ဆောက်ရာမှာ၊ B အဆင့်က နှေးနေရင် A စုပုံလာတာကို ဆိုလိုပါတယ်။ အဲဒီ့ရောဂါကို ပေါ်ဖိုင်ရီးယား (porphyria) လို့ခေါ်တယ်။ "ပေါ်ဖိုင်ရင်"က အလင်းနဲ့ ဓာတ်ပြုလွယ်တဲ့တာကြောင့် ပေါ်ဖိုင်းရီးယား ဝေဒနာရှင်တွေက နေရောင်ထိရင် အရေပြားမှာ အနာအကွက်တွေ ဖြစ်ပေါ်ပါတယ်။ ကလိုရိုဖီးလ်မှာ ဆုလာဘ်ဆောင် ဖြစ်တဲ့ အလင်းနဲ့ ဓာတ်ပြုခြင်းက ဒီရောဂါမှာတော့ ဝေဒနာပေးတာကိုး။ ပေါ်ဖိုင်ရီးယား ရောဂါရှင်တွေက နေ့အလင်းရောင်ကို ရှောင်တတ်တာကြောင့်ရယ်၊ သွားဖုံးတွေ ကျုံ့သွားတာကြောင့် သွားတွေ ပိုရှည်လာသယောင် ဖြစ်လာတာရယ်၊ "ပေါ်ဖိုင်ရင်" များတဲ့ ကျင်ငယ်ရည်က နီကျင့်ကျင့် ဖြစ်နေတာရယ်ကြောင့် အဲဒီ့ ရောဂါဟာ ဗန်ပိုင်ယာ သွေးစုပ်ဖုတ်ကောင် ဒဏ္ဍာရီကိုတောင် ဖြစ်ပေါ်စေတယ်လို့ ပြောစမှတ်ရှိပါတယ်။
#end
