3 ပတ် - ဘာသာပြန်ပါ။

သက်ရှိဇီဝမှာ အရေးပါတဲ့ "ပေါ်ဖိုင်ရင်" ဒြပ်ပေါင်းများ
-----
ကျွန်တော်တို့ ကျောရိုးရှိသတ္တဝါတွေရဲ့ သွေးနီဥတွေမှာ ဟီမိုဂလိုဘင် (haemoglobin) ပရိုတင်းရှိပြီး ဟီမိုဂလိုဘင်ထဲမှာ ဟီးမ် (haem) ဆိုတဲ့ နီရောင်ခြယ် ရှိပါတယ်။ အလင်းစွမ်းအင်ကို စုပ်ယူတဲ့ သစ်ရွက်တွေထဲမှာလည်း ကလိုရိုဖီးလ် (chlorophyll) စိမ်းရောင်ခြယ် ရှိပါတယ်။ အဲဒီ့ ရောင်ခြယ် နှစ်ခုလုံးဟာ အေမင်း - amine (NH) ဓာတ်စု တစ်ခုစီ ပါတဲ့ ကွင်းပုံသဏ္ဌာန် ဟိုက်ဒရိုကာဘွန်ဒြပ်ပေါင်း (၄)ခုကို စက်ဝိုင်းပုံ ချိတ်ဆက် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ပိုင်ရော (pyrrole) လို့ခေါ်တဲ့ အဲဒီ့ ဟိုက်ဒရိုကာဘွန် ကွင်း လေးခုကို အခုလို ချိတ်ဆက်လိုက်တာဟာ "ပေါ်ဖိုင်ရင်" (porphyrin) လို့ခေါ်တဲ့ ဒြပ်ပေါင်းတွေရဲ့ အခြေခံ ဖွဲ့စည်းပုံပဲ ဖြစ်ပါတယ်။ စက်ဝိုင်း (၄)ခုကို ဆက်လိုက်တဲ့ အကြီးစား စက်ဝိုင်းပေါ့။ "ပေါ်ဖိုင်ရင်"တွေမှာ "ပိုင်ရော" ကွင်းလေးခု ရှိတာကြောင့် သူတို့ကို တက်ထြာပိုင်ရော (tetrapyrrole) လို့လည်း ခေါ်ပါတယ်။
ပေါ်ဖိုင်ရင် ကွင်းကြီးရဲ့ အလယ်တည့်တည့်မှာတော့ သတ္တုအက်တမ် တစ်ခုစီ တည်ရှိပါတယ်။ သတ္တုက ဟီးမ် (haem) မှာဆိုရင်တော့ သံအက်တမ်ပေါ့။ ဒါကြောင့်လည်း သံဓာတ်ချို့တဲ့ရင် သွေးအားနည်းတာ မဟုတ်လား။ အပင်ရဲ့ ကလိုရိုဖီးလ်မှာကျတော့ မက်ဂနီဆီယမ် (magnesium) ဖြစ်သွားတယ်။ ဗီတာမင် B12 လို့လည်း သိကြတဲ့ ကိုဘယ်လမင် (cobalamin) ကလည်း ကိုဘော့ (cobalt) သတ္တုအက်တမ် တစ်ခုပါတဲ့ "ပေါ်ဖိုင်ရင်" တစ်မျိုးပါပဲ။ မီသန်နိုဂျင် (methanogen) ခေါ် အဏုဇီဝ တစ်မျိုးမှာ coenzyme F430 လို့ သင်္ကေတပြုထားတဲ့ ပေါ်ဖိုင်ရင် ဒြပ်ပေါင်း တစ်မျိုးရှိတယ်။ သူ့ထဲက သတ္တုအက်တမ်ကျတော့ နီကယ် (nickel) ဖြစ်ပါတယ်။ သတ္တုတွေက အပေါင်းဓာတ်ဆောင်တာကြောင့် အနုတ်ဓာတ်ဆောင်တဲ့ ဓာတ်ပစ္စည်းတွေ၊ အီလက်ထရွန်တွေနဲ့ ဓာတ်ပြုပါတယ်။ ဟီမိုဂလိုဘင်ထဲက သံဓာတ်က သွေးထဲမှာ အောက်ဆီဂျင်ကို ဖမ်းသိမ်းပေးပြီး တစ်ရှူးတွေဆီကို ပို့ဆောင်ပေးပါတယ်။ ကလိုရိုဖီးလ်မှာ အလင်းစွမ်းအင်ကို စွမ်းအင်မြင့် အီလက်ထရွန်တွေ အနေနဲ့ ဖမ်းယူရာမှာလည်း မက်ဂနီဆီယမ်က ပါဝင်ဆောင်ရွက်ပါတယ်။
"ပေါ်ဖိုင်ရင်" ရဲ့ ဖွဲ့စည်းပုံက သတ္တုအမျိုးအစားကို လိုက်ပြီး နည်းနည်းစီ ကွဲပြားပါတယ်။ ကလိုရိုဖီးလ်ရဲ့ ပေါ်ဖိုင်ရင် မူကွဲကို ကလိုရင် (chlorin) လို့ခေါ်တယ်။ ကိုဘယ်လမင် ရဲ့ ပေါ်ဖိုင်ရင်ကို ကော်ရင် (corrin) လို့ခေါ်တယ်။ ဒါပေမယ့် သူတို့ အားလုံးက ယူရိုပေါ်ဖိုင်ရင်နိုဂျင် (uroporphyrinogen) လို့ခေါ်တဲ့ ဒြပ်ပေါင်းကို အခြေခံပြီး အဆင့်ဆင့် ပြုပြင်ထားတာပါ။ ဒါကြောင့် သူတို့ကို ထုတ်လုပ်တဲ့ ကနဦးအဆင့်တွေမှာလည်း ဆင်တူကြပါတယ်။ အမျိုးဝေးလှတဲ့ သက်ရှိတွေက သတ္တုတွေကို အခုလို နည်းလမ်း ခပ်ဆင်ဆင်နဲ့ ချိတ်ဆက် အလုပ်လုပ်တာဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။
ဗီတာမင် B12 ကို ကျွန်တော်တို့ မထုတ်လုပ်နိုင်ပါ။ ဆဲလ်ဝတ်ဆံ မရှိတဲ့ ပရိုကယ်ရီယုတ် (prokaryote) အဏုဇီဝတွေကသာ ထုတ်လုပ်တာ ဖြစ်တယ်။ ဘက်တီးရီးယားနဲ့ အာခေးယား (archaea) တွေပေါ့။ B12 ကို ကျွန်တော်တို့ စားတဲ့ အစာကနေ ယူရပါတယ်။
ဟီးမ် ကိုတော့ ကျွန်တော်တို့ ကိုယ်တိုင် ထုတ်လုပ်နိုင်တယ်။ ဒါပေမယ့် ဟီးမ်က ဟီမိုဂလိုဘင် မှာပဲ ရှိတာ မဟုတ်ပါ။ သက်ရှိတိုင်းက အာဟာရကနေ စွမ်းအင် စုဆောင်းတဲ့အခါမှာ ဆိုက်တိုခရုမ်း (cytochrome) လို့ ခေါ်တဲ့ ပရိုတင်းတွေကို အသုံးပြုပါတယ်။ အဲဒီ့ ဆိုက်တိုခရုမ်းကို ကျွန်တော်တို့ ယူကယ်ရီယုတ်ရဲ့ မိုက်တိုခွန်ဒြီယွန် အင်္ဂါနုပ်မှာ ရှိသလို၊ ပရိုကယ်ရီယုတ် အဏုဇီဝရဲ့ အမြှေးပါးပေါ်မှာလည်း တွေ့နိုင်ပါတယ်။ အဲဒီ့ ဆိုက်တိုခရုမ်း ပရိုတင်းက သူ့ရဲ့အရေးပါတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ ဟီးမ် ဓာတ်စုကို အားကိုးရတာ ဖြစ်ပါတယ်။
#ဆက်ရန်

image