အမေရိကန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်ယူတဲ့ နိုင်ငံတွေကို တန်ပြန်အရေးယူမယ်လို့ တရုတ်သတိပေး
ပေကျင်း၊
မျိုးဆက်(VOM)
အမေရိကန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက် ရယူနေတဲ့ နိုင်ငံတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်းနဲ့ တန်ပြန်အရေးယူမှုတွေ လုပ်မယ်လို့ တရုတ်နိုင်ငံက ဒီကနေ့မှာ သတိပေးလိုက်ပါတယ်။
အမေရိကန်ရဲ့ အခွန်ကင်းလွတ်ခွင့်အတွက် တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှု ကန့်သတ်ဖို့ အခြားနိုင်ငံတွေကို ဖိအားပေးဖို့ ထရန့်အစိုးရက ပြင်ဆင်နေတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပြီး ဒီကိစ္စတွေကို တန်ပြန်အရေးယူမယ်လို့ တရုတ်ကုန်သွယ်ရေးဝန်ကြီးက ပြောပါတယ်။
ဒေါ်နယ်ထရန့်ဟာ ကမ္ဘာ့နိုင်ငံအားလုံးနီးပါးအပေါ် အခွန် ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံနေပြီး တရုတ်သွင်ကုန်တွေကတော့ အမေရိကန်ရဲ့ အခွန် ၁၄၅ ရာခိုင်နှုန်း ကောက်ခံမှုနဲ့ ရင်ဆိုင်နေရပြီး တရုတ်ကလည်း အမေရိကန်သွင်းကုန်တွေအပေါ် အခွန် ၁၂၅ ရာခိုင်နှုန်း လက်တုံ့ပြန်ခဲ့ပါတယ်။
လက်ရှိမှာတော့ နိုင်ငံအများအပြားဟာ အမေရိကန်နဲ့ ကုန်သွယ်ရေးဆွေးနွေးမှုတွေအတွက် ပြင်ဆင်နေကြပါတယ်။ တန်းတူညီမျှ ဆွေးနွေးတာကတဆင့် အမေရိကန်နဲ့ ကုန်သွယ်ရေး ကွဲလွဲချက်တွေကို ဖြေရှင်းရေး ကြိုးပမ်းမှုတွေကို တရုတ်က လေးစားပေမယ့် တရုတ်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် သဘောတူညီချက်တွေကို အမေရိကန်နဲ့ မယူမိဖို့ သတိပေးထားပါတယ်။
ရေတိုဖြေရှင်းချက်ဟာ ငြိမ်းချမ်းရေးကို မရနိုင်သလို အပေးအယူလုပ်မှုကိုလည်း လေးစားမှာမဟုတ်ဘူးလို့ တရုတ်ကုန်သွယ်ရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်မှာ ပြောပါတယ်။
အခြားသူအကျိုးစီးပွားကို အရင်းခံပြီး ကိုယ်ကျိုးယာယီရှာတာဟာ ကျားရေခြုံတဲ့ လုပ်ရပ်လို့ ဝေဖန်ထားပြီး ဒါဟာ နှစ်ဖက်စလုံး အရှုံးနဲ့ရင်ဆိုင်ရမှာဖြစ်ကာ တခြားသူတွေကိုပါ ဒုက္ခရောက်စေလိမ့်မယ်လို့ သတိပေးထားပါတယ်။
တရုတ်နိုင်ငံကို ထိခိုက်နစ်နာစေမယ့် သဘောတူညီချက် ရယူတဲ့ ဘယ်နိုင်ငံကိုမဆို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး ဒီအခြေအနေမျိုးနဲ့ ကြုံလာရင် တန်ပြန်မှုတွေ ပြတ်ပြတ်သာသား လုပ်ဆောင်မယ်လို့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။
