My Liberation Notes မှ ကြိုက်မိတဲ့အခိုက်အတန့်များ
My Liberation Notes မှာ အဆုံးသတ်ပိုင်းကို သဘောမတွေ့မိတာကလွဲရင် နှစ်ခြိုက်မိတာ တော်တော်များတယ်။ ပြီးတော့ ဒါနဲ့ပတ်သက်ပြီး သဘောအကျဆုံးလို့ ပြောရမယ့် အရာနှစ်ခုရှိသေးတယ်။
ဒီသဘောအကျဆုံး အရာနှစ်ခုမှာ ပထမတစ်ခုက ဒီရုပ်ရှင်မှာ သုံးသွားတဲ့ အရောင်တွေနဲ့ ဒုတိယ တစ်ခုက ဇာတ်ရှိန်အမြင့်ဆုံး အလှည့်အပြောင်းတွေများတဲ့ Episode 13 ပါ။
အက်ရှင်ကားဆိုရင် ဝါကျင့်ကျင့်အရောင်၊ မှုခင်းကားဆို ခပ်မှိုင်းမှိုင်း အနေအထားနဲ့ ပြီးတော့ Horror/Thriller ဆို မည်းမှောင်မှုကို ယူထားတဲ့ အရောင်တွေ (DC ကလွဲပြီး) စသည်ဖြင့် ရုပ်ရှင်ကားတစ်ကားမှာဆို အလင်းအမှောင်နဲ့ အရောင်အသုံးပြုတာတွေက အရေးအပါဆုံး အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။
My Liberation Notes မှာဆိုရင် တစ်ခန်းဆိုတစ်ခန်း ကြည့်ရတာ လေးနက်မှုအပြည့်ပါတယ်။ ဇာတ်ကောင်တွေ ပြောတဲ့စကားတွေတင်သာမကပဲ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အတက်အကျ၊ ပြီးတော့ သူတို့ရဲ့ အထီးကျန်မှု၊ စိတ်ကျဥ်းကျပ်ရမှု၊ ပြီးတော့ ဘာကိုရှာလို့ရှာနေမိမှန်း မသိတဲ့အခိုက်အတန့်တွေမှာဆိုရင် သုံးသွားတဲ့ နောက်ခံအနေအထား၊ လင်းတစ်ခါ မှောင်တစ်လှည့်၊ အနီ၊ အဝါ၊ အစိမ်း စတဲ့ အရောင်သုံးစွဲမှုတွေ၊ ပြီးတော့ နီယွန်မီးတွေအောက်မှာ ပင်ပန်းမှုတွေနဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကိုယ်စီလွယ်ပြီး သွားလာလှုပ်ရှားနေရတဲ့ သူတွေကို ပညာသားပါပါ ရိုက်ကူးနိုင်မှုက ဒီဇာတ်ကားကို ကြည့်နေတဲ့သူတွေကို သူတို့ထဲကတစ်ယောက် ဖြစ်ပါတယ်လို့ ပြောနေသလိုပါပဲ။
ပြီးတော့ လူအများစုက 13 ဂဏန်းက နိမိတ်မကောင်းဘူးလို့ ယူဆကြတဲ့ အကြောင်းကို သိကြမှာပါ။ My Liberation Notes မှာဆိုရင်လည်း ဒီ Series ရဲ့ စိတ်အထိခိုက်ရဆုံး အကြောင်းအရာတွေကို 13 ပိုင်းမြောက်မှာ ထည့်သွင်းခဲ့တဲ့အပြင် နိမိတ်တွေ၊ အရောင်ရွေးချယ်မှုတွေနဲ့ ပညာသားအပါဆုံး အပိုင်းတစ်ပိုင်းဖြစ်အောင် ဖန်တီးနိုင်ခဲ့တယ်လို့ ချီးကျူးရမှာပါ။
Episode 13 မှာဆို အဒေါ်ကြီးက အကြီးဆုံးသမီးရဲ့ ရည်းစား တစ်နည်းအားဖြင့် သမက်လောင်းကို မသိမသာ သွားကြည့်တယ်။ သမက်လောင်းက သူ့သမီးကို ဂရုစိုက်၊ ကြင်နာမှုတွေပြတော့ ဝမ်းသာအားရ ဖြစ်သွားရှာတယ်။ ဒီဇာတ်ဝင်ခန်းမှာဆို အဒေါ်ကြီးရဲ့ ပီတိဖြစ်မှု၊ ပျော်ရွှင်မှုကို ကိုယ်စားပြုတဲ့အနေနဲ့ နေရောင်ခြည်နုနုနဲ့ အလင်းရောင်ကို ထင်းနေအောင် သုံးပြီးတော့ ဖော်ပြသွားတယ်။
ဒီနောက် အဒေါ်ကြီး သူ့အသိတွေဆီသွားတဲ့အချိန်မှာ အငယ်ဆုံးသမီးရဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကို မထင်မှတ်ပဲသိလိုက်ရတယ်။ ဒီအချိန်မှာ ဒါရိုက်တာက စောနက အလင်းတွေကို ချက်ချင်းဆိုသလို မှိန်ချလိုက်ပြီး လောကကြီးမှာ ဒီအဒေါ်ကြီးတစ်ယောက်ပဲ ရှိနေတယ်ဆိုတဲ့ သဘောတရားတွေ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေ၊ စိတ်အားငယ်မှုတွေအပြင် အလင်းမှိန်မှိန် အမှောင်များများ၊ စတာတွေကို တစ်ဆက်တည်း ချပြသွားတယ်။
နဂိုကတည်းက သားသမီးတွေနဲ့ ပတ်သက်ရင် စိတ်မချမ်းသာရတဲ့ မိခင်ဟာ ဒီတစ်ခါမှာတော့ ရှင်သန်ချင်စိတ်ပါ ပျောက်ဆုံးသွားတယ်ထင်ပါရဲ့။ ချစ်ရသူတွေကို ကျောခိုင်းပြီး ထွက်ခွာသွားတယ်။
ဒီဇာတ်ဝင်ခန်းနှစ်ခန်းက အလင်းအမှောင် သဘောသဘာဝကို တစ်ဆက်တည်း ချပြနိုင်တဲ့အပြင်၊ ပရိသတ်တွေကို ဇာတ်ရှိန်အမြင့်ဆုံး အခန်းကိုမှ နှစ်ပိုင်းခွဲပြီး ကြည်နူးမှုနဲ့ ဝမ်းနည်းရမှုကို တစ်ခါတည်း ဖော်ပြသွားခဲ့ပါတယ်။
ရုပ်ရှင်တစ်ကားမှာ ဇာတ်ကောင်တွေက ကြည့်နေတဲ့သူရဲ့ စိတ်အာရုံကို စွဲဆောင်တယ်၊ ဒီရုပ်ရှင်မှာသုံးထားတဲ့ အရောင်တွေ၊ နောက်ခံမြင်ကွင်းတွေက ကြည့်နေတဲ့သူရဲ့ နှလုံးသားကို ဆုပ်ကိုင်ထားတယ်။
My Liberation Notes ရဲ့ ဒါရိုက်တာက Kim Seok Yoon ဖြစ်ပြီး Screenwriter က Park Hae Young ပါ။
