အိမ်မှာ Fishcake အလွယ်လုပ်နည်း
ငါးဆိုတာနဲ့ နှာခေါင်းရှုံ့တဲ့ အိမ်ကသားသားမီးမီးလေးတွေအတွက် အနံ့နဲ့တင်စားချင်စိတ်ဖြစ်သွားစေမယ့် ငါးအသားကိတ်လေး လုပ်ပြသွားမှာ ဖြစ်ပါတယ်။ အရင်ဆုံး ငါးညှီနံ့ပျောက်ပြီး မွှေးမွှေးလေးဖြစ်စေဖို့ ပန်းကန်လုံးတစ်ခုထဲကို ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ဂျင်းနဲ့၊ ဟင်းခတ်အမွှေးအကြိုင်အနည်းငယ်ထည့်ပြီး ရေနွေးပူပူလောင်းထည့်လိုက်ပါ။ ပြီးတာနဲ့ အချိုဓာတ်လေးရအောင် ပုစွန်အနည်းငယ်ခွာပြီး ငါးအသားနဲ့ရောကာ ကြိတ်စက်ထဲမှာ ထည့်မွှေဖို့လုပ်ပါမယ်။ ညှီနံ့ပျောက်အောင် ခုနက ဂျင်းရည်စိမ်ထားတာလေးကိုလည်း ထည့်ပေးရပါမယ်။ ကြိတ်စက်ထဲမှာ အားလုံးသမပြီး ပျစ်နှစ်သွားစေဖို့ နားနားပြီး ဂျင်းရည်လေးကို ထည့်ပေးဖို့လည်း မမေ့ပါနဲ့။ အဲဒီနောက် ရလာတဲ့ငါးအနှစ်ထဲကို ဆား၊သကြား၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်တစ်ဇွန်း၊ ကြက်ဥတစ်လုံးအပြင် ပြောင်းကော်မှုန့်ပါထည့်ပြီး အားလုံးသမသွားတဲ့အထိ စိတ်ရှည်ရှည်မွှေပေးရပါမယ်။ ငါးအနှစ်လေးက အရသာအနေတော်ဖြစ်ပြီဆိုရင်တော့ ပန်းကန်လုံးတစ်ခုကို ဆီသုတ်ပြီး ခုနက ငါးအနှစ်တွေကိုထည့်ကာ ရေခဲသေတ္တာထဲမှာ ခဏလောက်အအေးခံပေးလိုက်ပါ။ ငါးအနှစ်တွေစေးကပ်ပြီး ပုံစံကျပြီဆိုတာနဲ့ အတုံးလေးတွေလှီးကာ ဆီပူပူထဲမှာ လှိမ့်ကြော်ပေးရပါမယ်။ ရွှေဝါရောင်သမ်းလို့ အသားလေးတွေရဲလာပြီဆိုရင်တော့ ကလေးငယ်တွေအတွက် ငါးအရသာအပြည့်နဲ့ အရမ်းကိုမွှေးတဲ့ ငါးအသားကိတ်လေးရရှိပါပြီ။ လူကြီးမင်းတို့လည်း အိမ်မှာအစားကျွေးရခက်တဲ့ ကလေးတွေရှိနေရင် ဒီလိုလေးလုပ်ကျွေးကြပါဦးခင်ဗျ။

image
image
image
image