#မြေငလျင်သတင်းအချက်အလက်
◼ငလျင်ဒဏ်သင့်ပြည်သူများအတွက် တရုတ်ကယွမ်တစ်ဘီလီယံ ထပ်မံကူညီမည်ဟုဆို
မြန်မာနိုင်ငံရှိငလျင်ဒဏ်သင့်ပြည်သူများကို အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးအကူအညီများအတွက် တရုတ်ကယွမ်တစ်ဘီလီယံ ထပ်မံပံ့ပိုးပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိတရုတ်သံရုံးက ယမန်နေ့(ဧပြီ ၁၁ ရက်) ကထုတ်ပြန်သည်။
အဆိုပါယွမ်တစ်ဘီလီယံဖြင့် လောင်စာဆီ၊ Plank House ၊ ခွဲစိတ်ခန်း၊ ဆေးဝါးနှင့် ကာကွယ်ဆေးများ စသည့် အရေးတကြီးလိုအပ်သောပစ္စည်းများပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံတကာဖွံ့ဖြိုး ရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (CIDCA) ကဆိုသည်။
မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် မြန်မာနိုင်ငံအတွက် ယွမ်ငွေသန်း ၁၀၀ တန်ဖိုးရှိ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးအကူအညီများ ပေးအပ်ထား ပြီး ယခုအခါနစက၏အကူအညီတောင်းခံခြင်းကြောင့် ထပ်မံကူညီခြင်းဖြစ်ကြောင်း အဆိုပါသံရုံးက ထုတ်ပြန်ထားသည်။
ထို့ပြင် ကျန်းမာရေးနှင့်ရောဂါကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်အဖွဲ့များကို ကုသရေးနှင့်ပိုးသတ်ရေး လုပ်ငန်းများဆောင်ရွက်ရန်စေလွှတ်မည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ်အကဲဖြတ်ရေးအဖွဲ့စေလွှတ်၍ ငလျင်ဒဏ်ခံစားရသောဒေသများသို့ကွင်းဆင်းစစ်ဆေးပြီး ပြန်လည်ထူထောင်ရေးနှင့်ဘေးအန္တရာယ် ကာကွယ်လျှော့ချရေးလုပ်ငန်းစဉ်များရေးဆွဲရာတွင် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း အဆိုပါသံရုံး၏ ထုတ်ပြန်ချက်အရသိရသည်။
မြန်မာနိုင်ငံရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းရန် တရုတ်နိုင်ငံအတွင်းမှ ရွက်ဖျင်တဲ အလုံး ၄၀၀၀၊ စောင်အထည် ၁၀၀၀၀၊ အရေးပေါ်ဆေးအိတ်များ ၅၅၀၀၀ ကျော်၊ ခြင်ထောင်အလုံး ၄၀၀၀၀၊ တာပေါ်လင်စအချပ် ၁၈၀၀၀၊ အိပ်အိတ်အလုံး ၄၀၀၀၊ နေရောင်ခြည်စွမ်းအင်သုံးမီးအိမ် အလုံး ၁၀၀၀၀၊ ချက်ပြုတ်ရေးပစ္စည်းများ ၂၀၀၀ စုံ၊ ကျန်းမာရေးဆေး အိတ်များ ၃၈၈၀၀ ကျော်၊ ခေါက်ဆွဲခြောက်အဖာ ၂၀၀၀ ကိုလည်း အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း တရုတ်သံရုံးထုတ်ပြန်ချက်အရသိရသည်။
သတင်း - နေသစ်ဦး
ဓာတ်ပုံ - Chinese Embassy in Myanmar
