တာချီလိတ်မြိုတွင် ငွေကျပ်သိန်း ၂၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
*****************
(မှုခင်း) ဧပြီ ၁၁
ဧပြီလ ၈ ရက်နေ့ ညနေ ၆ နာရီအချိန် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ အငှားနေအိမ်တိုက်ခန်း၊ အခန်းအမှတ်(၁၅)ကို သတင်းအရ ဝင်ရောက်ရှာဖွေရာ ညီလောက်စီအား စိတ်ကြွရူး သွပ်ဆေးပြား ၁၂၀၀ ပြား၊ အဆင့်နိမ့်ဘိန်း ၁၀ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်အရ အဆိုပါအငှားတိုက်ခန်း၊ အခန်းအမှတ်(၁၇)နေ ဆိုင်ကပ်အား စိတ်ပြောင်းဆေးဝါး ကက်တမင်း ၂၄ ဂရမ်၊Happy Water ၃၅ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား၊ အဆင့် နိမ့်ဘိန်း ၂၅၀ ဂရမ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ယင်းအငှားတိုက်ခန်း အခန်းအမှတ်(၅)နေ စည်သူဖြိုးအား စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀၀ ပြား၊ HONDA CRV မော်တော်ယာဉ် ၁ စီးနှင့် အတူထပ်မံဖမ်းဆီးရမိခဲ့၍ စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂၈၅၁ ဒသမ ၇၄ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၁၄၀၀ ပြား(တစ်ပြားလျှင် ငွေ ၇၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ သိန်း ၂၈၀၉ ဒသမ ၈ သိန်း)၊ အဆင့်နိမ့်ဘိန်း ၂၆၀ ဂရမ်(တစ်ဂရမ်လျှင် ငွေ ၄၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁ ဒသမ ၀၄ သိန်း)၊ ကက်တမင်း ၂၄ ဂရမ် (တစ်ဂရမ်လျှင်ငွေ ၁၀၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၂ ဒသမ ၄ သိန်း)နှင့် Happy Water ၃၅ ဂရမ်(တစ်ဂရမ်လျှင် ငွေ ၁၁၀၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၃၈ ဒသမ ၅ သိန်း)တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိတရားခံများဖြစ်သော ညီလောက်စီ၊ အသက် ၃၂ နှစ်၊ ဆိုင်ကပ်၊ အသက် ၃၉ နှစ်နှင့် စည်သူဖြိုး၊ အသက် ၂၂ နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
