12 w - Translate

ရန်ကုန်-ပုသိမ်လမ်းမှာ ကားသုံးစီးဆင့်တိုက်လို့ တယောက်သေပြီး နှစ်ယောက်စိုးရိမ်ရ
ဧပြီ - ၁၁ ၊ ၂၀၂၅
GG (VOM)
ရန်ကုန် - ပုသိမ်လမ်းမကြီး ၊ ကျည်စုရွာအနီးမှာ ဒီနေ့ ဧပြီ ၁၁ ရက် မနက်ပိုင်းက ယာဥ်သုံးစီး ဆင့်တိုက်မှုဖြစ်ပွားပြီး တယောက်သေကာ ငါးယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူကပြောပါတယ်။
ဖြစ်စဥ်က မနက် ၈ နာရီ ကျော်လောက်မှာ သဲတင်လာတဲ့ကားနဲ့ ခရီးသည်တင်ကား၊ ရေသန့်ကား တို့ အဆင့်ဆင့်တိုက်မိခဲ့တာဖြစ်ပြီး သေဆုံးသူက ရေသန့်ကားရဲ့ ယာဥ်မောင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေကတော့ ခရီးသည်တင်ကားပေါ်ကဖြစ်တယ်လို့သိရပါတယ်။
" သဲကားကနေ ခရီးသည်တင်ကားကို တိုက်လိုက်တယ်။ပြီးတော့လမ်းပြောင်းပြန်ရောက်လာပြီးရေသန့်ကားကိုဆက်တိုက်တယ်။ရေသန့်ကားအထိနာသွားတာပေါ့။ အနီရောင်အဆင့်ဆိုတာက ခေါင်းထိတယ်။လက်ကျိုးထားတယ်။ခန္ဓာကိုယ်အစိတ်အပိုင်းတေွထိခိုက်ထားတယ်။အသက်အန္တရာယ်စိုးရိမ်ရသေးတယ်။သေဆုံးတယောက်ကပဲ ရေသန့်ကားကပါ။" လို့မြေပြင်ကူညီရေးလုပ်ခဲ့တဲ့လှိုင်သာယာမြို့နယ်အခြေစိုက် ကရုဏာတွဲလက်ရှင်ရေးနာရေးကူညီမှုအသင်းတာဝန်ရှိသူ ကိုစန်းဦးကပြောပါတယ်။
ယာဥ်တိုက်မှုမှာ ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့ ငါးယောက်ထဲမှာ အမျိုးသားတယောက်နဲ့အမျိုးသမီးတယောက်က ဒဏ်ရာပြင်းထန်ပြီး အနီရောင်အဆင့်ရှိတာကြောင့် ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ထားကာ ကျန်ဒဏ်ရာရ သုံးယောက်ကတော့ လှိုင်သာယာဆေးရုံပို့ထား တယ်လို့သိရပါတယ်။
အဆိုပါ ယာဥ်သုံးစီးဆင့်တိုက် မှုမှာ သဲကားနဲ့ ခရီးသည်တင်ကားက ညောင်တုန်းဘက်ကနေ လှိုင်သာယာကို မောင်းနှင်လာတဲ့ကားဖြစ်ပြီး ရေသန့်ကားကတော့ ရန်ကုန်ကနေ ညောင်တုန်းဘက်သွားတဲ့ကားဖြစ်တယ်လို့သိရပါတယ်။
ရန်ကုန် - ပုသိမ် လမ်းမကြီးမှာ ၂၀၂၅ ခုနှစ်အတွင်း ယခုဖြစ်စဥ်အပါအဝင် လူသေစေတဲ့အထိ ယာဥ်တိုက်မှု သုံးကြိမ်ဖြစ်ပွားမှုရှိထားတယ်လို့သိရပါတယ်။
ဓာတ်ပုံ - ကိုစန်းဦး

image