#နိုင်ငံတကာသတင်း
◼ခရီးသွားလုပ်ငန်းရဟတ်ယာဉ်တစ်စင်း နယူးယောက်မြို့ ဟတ်ဆန်မြစ်ထဲ ပျက်ကျ၊ လိုက်ပါသူ ခြောက်ဦးစလုံး သေဆုံး
နိုင်ငံခြားသားဧည့်သည်များ လိုက်ပါစီးနင်းခဲ့သော ခရီးသွားလုပ်ငန်းသုံး ရဟတ်ယာဉ်တစ်စင်း ယမန်နေ့က နယူးယောက်မြို့ ဟတ်ဆန်မြစ်အတွင်းသို့ ပျက်ကျသွားခဲ့ပြီး စပိန်နိုင်ငံမှ ကလေးသုံးဦးပါမိသားစု နှင့် ရဟတ်ယာဉ်ပိုင်းလော့ အပါအဝင် လိုက်ပါခဲ့သူ ခြောက်ဦးစလုံး သေဆုံးခဲ့ကြောင်း နယူးယောက်မြို့တော်ဝန် အဲရစ်အဒမ်စ် က ပြောကြားသည်။
ဂျာမနီနိုင်ငံ အခြေစိုက် Siemens နည်းပညာကုမ္ပဏီ မှ အမှု‌ဆောင်အရာရှိတစ်ဦးဖြစ်သူ အော်ဂတ်စတင် အက်စ်ကိုဘာလည်း ယင်းရဟတ်ယာဉ်ပျက်ကျမှုတွင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသော သတင်းရင်းမြစ်များကို ကိုးကား၍ နယူးယောက်တိုင်းမ်စ်သတင်းစာက ဖော်ပြသည်။
အက်စ်ကိုဘာသေဆုံးမှုနှင့်ပတ်သက်၍ မေးမြန်းမှုများကို အမေရိကန်ကမ်းရိုးတန်းတပ်ဖွဲ့အား ဆက်သွယ်ရန် နယူးယောက်မြို့ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး Siemens ကုမ္ပဏီကလည်း မှတ်ချက်ပေးရန် တောင်းဆိုမှုကို ပုံမှန်ရုံးချိန်အတွင်း ချက်ချင်းမပြန်ကြားခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
ကြီးမားသောအရာဝတ္ထုတစ်ခု မြစ်ထဲထိုးကျသွားသည်ပြီး ရုပ်သံဖိုင်များတွင် မြင်တွေ့ရပြီး နောက်ပိုင်းတွင် ရဟတ်ယာဉ်အပေါ်မှ ပန်ကာဒလက်ဖြစ်ပုံရသော အရာပေါ်လာသည်ကိုတွေ့ရသည်။
New York Helicopter Tours က လုပ်ကိုင်နေသော Bell 206 ရဟတ်ယာဉ်သည် ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် မြို့လယ်ခေါင်ရှိ ရဟတ်ယာဉ်ကွင်းတစ်ခုမှ ပျံတက်သွားခဲ့ပြီး ဟတ်ဆန်မြစ် မြောက်ဘက်သို့ ပျံသန်းသွားခဲ့ကြောင်း နယူးယောက်မြို့ရဲမှူးကြီး ဂျက်စီကာတစ်ချ် က ပြောကြားသည်။
ဂျော့ချ်ဝါရှင်တန် တံတားသို့ ရောက်ရှိချိန်တွင် နောက်သို့ ပြန်လှည့်ခဲ့ပြီး မကြာမီ ရဟတ်ယာဉ်ပျက်ကျသွားခဲ့ကြောင်း ၊ ရေထဲသို့ ပက်လက် အနေအထားဖြင့် ကျဆင်းခဲ့ကာ ၃ နာရီ ၁၅ မိနစ်တွင် မန်ဟက်တန်‌အောက်ပိုင်း ၊ ဟိုဘိုကန်ဒေသတွင် နစ်မြုပ်သွားခဲ့ကြောင်း ရဲမှူးကြီး က ဆက်လက်ပြောကြားသည်။
ရဟတ်ယာဉ်ပေါ်လိုက်ပါခဲ့သူများအား ရေငုပ်သမားများက ဆယ်ထုတ်ခဲ့ပြီး လေးဦးကို ယင်းနေရာမှာပင် သေဆုံးကြောင်း အတည်ပြုခဲ့ပြီး ကျန်နှစ်ဦးမှာ ဆေးရုံရောက်ရှိချိန်၌ သေဆုံးခဲ့ကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image