ကမ္ဘာ့ဘူမိဖြစ်စဉ်တွေကို ဆွေးနွေးထားတဲ့ "သက်ဝင်လှုပ်ရှား ပထဝီ မြေသား" စာစဉ်နဲ့ မိတ်ဆက်ခြင်း
-----
ကျွန်တော်တို့ ကမ္ဘာမြေကြီးဟာ ဖြည်းညင်းစွာ ရွေ့လျားနေပြီး မြေမျက်နှာသွင်ပြင်ကို နှစ်သန်းချီအောင် အချိန်ယူပြီး ဖြည်းညင်းစွာ ပြောင်းလဲပစ်နေပါတယ်။ မီးတောင်နဲ့ ငလျင်တွေက အဲဒီ့ နောက်ခံဘူမိဖြစ်စဉ်တွေကနေ ပေါက်ပွားလာတဲ့ အမြင်သာဆုံးနဲ့ အပြင်းထန်ဆုံး ဖြစ်စဉ်တွေ ဖြစ်ပါတယ်။ ဘူမိဖြစ်စဉ်တွေကို ချိတ်ဆက်ရှင်းပြပေးတဲ့ သိပ္ပံမော်ဒယ်ကို ပလိပ်တက်တွန်းနစ် (plate tectonics) သီအိုရီလို့ခေါ်ပါတယ်။
သမုဒ္ဒရာကြီးတွေဟာ ရေရှည် မတည်တံ့ပါ။ ပေါင်းလိုက်၊ ကွဲလိုက် ဖြစ်လိုက်ပျက်လိုက် ရှိပါတယ်။ သူတို့ ဖြစ်ပျက်နေတာနဲ့အတူ တိုက်ကုန်းမြေတွေဟာလည်း အချင်းချင်း တိုက်မိလိုက်၊ ပြန်ကွဲထွက်လိုက်နဲ့ ရွေ့မျောနေကြရတယ်။ အစိုင်အခဲဂြိုဟ်တွေရဲ့ အဲဒီ့လို မြေမျက်နှာသွင်ပြင် တည်ဆောက်မှုကို တက်တွန်းနစ် (tectonics) ဖြစ်စဉ်လို့ ခေါ်တာပါ။ "Tekton" ဆိုတဲ့ ဂရိစကားလုံးဟာ "ထုထွင်း၊ တည်ဆောက်ခြင်း" လို့ အဓိပ္ပာယ်ရပါတယ်။ သဘောကတော့ - "planet surface building" ပေါ့။ အနီးစပ်ဆုံး မြန်မာမှု ပြုကြည့်ရင် "ဂြိုဟ်မျက်နှာပြင်ကို တည်ဆောက်ခြင်း" လို့ ပြောရမယ် ထင်ပါတယ်။
သမုဒ္ဒရာနဲ့ တိုက်ကုန်းမြေတွေဟာ ဧရာမကျောက်ချပ်ကြီးတွေ အများကြီးကို တေ့စပ်ထားတဲ့ပုံမျိုး ရှိတာမို့၊ ကမ္ဘာ့မျက်နှာပြင် တစ်ခုလုံးဟာ ပဟေဠိရုပ်ဆက်ကားချပ် တစ်ခုလို ပက်ကြားအက်နေပါတယ်။ အဲဒီ့ကျောက်ချပ်ကြီးတွေကို တက်တွန်းနစ်ပလိပ် (tectonic plate) လို့ခေါ်ပါတယ်။ ပလိပ်တစ်ခုနဲ့တစ်ခုကြားမှာ ဆွဲဆန့်ခြင်း၊ လျှောဆင်းခြင်း၊ ဘေးတိုက်ပွတ်တိုက်ခြင်းတွေက ကမ္ဘာ့မျက်နှာပြင်ကို ပုံဖော်ပေးနေတာမို့လို့ ကမ္ဘာရဲ့ တက်တွန်းနစ်ဖြစ်စဉ်ကို ပလိပ်တက်တွန်းနစ် (plate tectonics) လို့ခေါ်တာပါ။
တပါတည်း ဆက်ပြောရရင် – ဂြိုဟ်တွင်းမှာ အပူ လုံလောက်စွာ ရှိသေးတဲ့ တခြား ကျောက်စိုင်ကျောက်သားဂြိုဟ်တွေမှာလည်း တက်တွန်းနစ်ဖြစ်စဉ်တွေ ရှိကြတယ်။ သောကြာနဲ့ အင်္ဂါဂြိုဟ်၊ ပြီးတော့ ကြာသပတေးနဲ့ စနေဂြိုဟ်တို့ရဲ့ အရံလတချို့ပေါ့။ သောကြာနဲ့ အင်္ဂါဂြိုဟ်ရဲ့ တက်တွန်းနစ်ဖြစ်စဉ်မှာတော့ ဘေးတိုက်ရွေ့လျားတဲ့ ပလိပ်ကျောက်ချပ်တွေ မရှိပါ။ အပေါ်အောက် ရွေ့လျားမှုသာ အကန့်အသတ်နဲ့ ဖြစ်ပေါ်တဲ့အတွက် သူတို့ကိုတော့ "(stagnant) lid tectonics - စလောင်းဖုံးငြိမ် အပေါ်ခွံဖြစ်စဉ်" လို့ခေါ်တယ်။
ကျွန်တော့်ရဲ့ "သက်ဝင်လှုပ်ရှား ပထဝီမြေသား" (၂၀၂၂ခုနှစ်) စာစဉ်က ပလိပ်တက်တွန်းနစ် ဖြစ်စဉ်အကြောင်းကို အကျယ်တဝင့် ဆွေးနွေးထားတာ ဖြစ်ပြီး၊ ရေးတုန်းကတော့ ရှေးဦးကမ္ဘာ ဖြစ်စဉ်တွေကို ဆွေးနွေးတဲ့အခါ ဘူမိဗေဒ အခြေခံသဘောတရားတွေကို ခြုံငုံမိစေချင်လို့ ရေးလိုက်တာပါ။ စာဖတ် ပရိသတ်အပေါင်းလည်း အခြေခံ ဘူမိဗေဒကို စိတ်ဝင်စားကြမယ်ထင်လို့ ဝေမျှလိုက်တာ ဖြစ်ပါတယ်။ စာမျက်နှာ ၇၀ခန့်ရှိပြီး၊ အစအဆုံး ဖတ်မယ်ဆိုရင် ၂-၃နာရီလောက် အချိန်ပေးရမှာ ဖြစ်လို့ ပို့စ်အနေနဲ့ တင်ရင် အများကြီး ဖြစ်သွားပါမယ်။ အောက်မှာတော့ ဖတ်နိုင်မယ့် link တွေ ဖော်ပြလိုက်ပါတယ်။
Richard Fortey ရဲ့ Earth: An Intimate History စာအုပ်ဖွဲ့စည်းပုံကို မှီငြမ်းထားတဲ့ အဲဒီ့စာစဉ်မှာ ကျွန်တော်တို့ တွေ့ရမယ့် အကြောင်းအရာတွေက စုံလင်ပါတယ်။ ပထမဦးစွာ ပလိပ် တက်တွန်းနစ် မတိုင်ခင်က ဘူမိဗေဒ အယူအဆဟောင်းတွေကို ဖော်ပြထားတယ်။ ပြီးရင်တော့ ကမ္ဘာ့အတွင်းပိုင်း ဖွဲ့စည်းပုံကို ငလျင်လှိုင်းတွေကနေ ဘယ်လို ဖော်ထုတ်သိရှိခဲ့သလဲ တွေ့ရပါမယ်။ အဲဒီ့နောက်မှာ ကမ္ဘာပေါ်မှာ အထင်ရှားဆုံး မြေမျက်နှာသွင်ပြင်တွေဖြစ်တဲ့ တောင်တန်း၊ ပြတ်ရွေ့ချိုင့်ဝှမ်း၊ ရေအောက်တောင်ကြောနဲ့ သမုဒ္ဒရာ ချောက်နက်တွေက ဘာကြောင့် ပလိပ် တက်တွန်းနစ်ရဲ့ သဲလွန်စတွေ ဖြစ်နေလဲဆိုတာကို ကျွန်တော်တို့ ဆက်ဆွေးနွေးပါတယ်။ အဲဒီ့ သဲလွန်စတွေကို ချိတ်ဆက်တဲ့အခါ ပလိပ်တက်တွန်းနစ် သီအိုရီ ဖြစ်လာတာပေါ့။ ပလိပ်တက်တွန်းနစ်ဟာ ဘူမိဖြစ်စဉ် အများစုကို ရှင်းပြနိုင်သလောက်၊ hotspot (အပူတောက်) လို့ ခေါ်တဲ့ မီးတောင်ကျွန်းတန်းလေးတွေမှာတော့ ဘယ်လိုအငြင်းပွားနေသလဲ ဆိုတာကိုလည်း တွေ့ရမှာ ဖြစ်ပြီး၊ ပလိပ် တက်တွန်းနစ် ဖြစ်စဉ်က ကမ္ဘာရဲ့ ဥတုကို ရေရှည်မှာ ဘယ်လို လွှမ်းမိုးထိန်းချုပ်နေတယ်ဆိုတာကို ဆွေးနွေးထားပါတယ်။
ဓာတ်ပုံ - အိုက်စလန်ကျွန်းပေါ်က Thingvellir လျှိုမြောင်။ အိုက်စလန်ကျွန်းဟာ အတ္တလန်တိတ် သမုဒ္ဒရာအလယ်ခေါင်မှာ တောင်နဲ့မြောက် သွယ်တန်းနေတဲ့ ဧရာမ ရေအောက်တောင်ကြောကြီးပေါ် တည့်တည့်မှာ တည်ရှိတယ်။ ဒီတောင်ကြောရှိတဲ့ နေရာအောက်ကနေ ချော်ရည်အသစ်တွေ ထိုးထွက်နေတာကြောင့် တောင်ကြောဟာ ဘေးတစ်ဘက်တစ်ချက်စီကို ဖြန့်ထွက်နေတယ်။ အကျိုးဆက်ကတော့ အတ္တလန်တိတ် သမုဒ္ဒရာဟာ လက်သည်းခွံ ရှည်တဲ့ နှုန်းလောက်နဲ့ ကျယ်သထက် ကျယ်လာတာပါပဲ။ Thingvellir လျှိုမြောင်ဟာ အဲဒီ့ ဖြန့်ထွက်ဇုံထဲမှာ ရှိနေတာမို့၊ တချိန်မှာ အိုက်စလန်ကျွန်းဟာ နှစ်ပိုင်းကွဲသွားနိုင်ပါတယ်။ နှစ်သန်းရာချီ ကြာတဲ့အခါ လျှိုမြောင်ရဲ့ တဘက်မှာ ရှိတဲ့ ကျွန်းတခြမ်းက အမေရိကတိုက်နဲ့ သွားပေါင်းမှာဖြစ်ပြီး၊ နောက်တစ်ခြမ်းက ဥရောပနဲ့ သွားပေါင်းမှာပါ။
