ပိုကောင်းတဲ့ အခွင့်အရေးအတွက် အမေရိကားကနေ တရုတ်ကိုပြန်လာနေတဲ့ ပညာရှင်များ
ခုချိန်မှာ အာရှနိုင်ငံကလူတစ်ယောက်အနေနဲ့ အမေရိကမှာ အလုပ်အကိုင်ကောင်းကောင်းနဲ့ White Color Job ရခဲ့ရင် ဘယ်သူပဲဖြစ်ဖြစ် ချက်ချင်းထသွားမယ့်သူတွေများပါတယ်။ ပိုကောင်းတဲ့လူနေမှုနဲ့ ပိုကောင်းတဲ့လုံခြုံမှုပေးနိုင်တာကိုး။
ခုဖတ်လိုက်ရတဲ့သတင်းတစ်ခုထဲမှာတော့ တရုတ်နိုင်ငံက AI ပညာရှင်တစ်ယောက်က အမေရိကားနိုင်ငံရဲ့ ပညာရေးကိုယူခဲ့တဲ့အပြင် အလုပ်အကိုင်ကောင်းကောင်းရှိပြီးသားဖြစ်ပေမယ့် တရုတ်နိုင်ငံမှာ အမေရိကားထက်ပိုကောင်းတဲ့ AI လုပ်ငန်းခွင်နဲ့ ရင်းနှီးမြှပ်နှံမှုတွေရှိမယ်လို့ ထင်တဲ့အတွက် အကုန်လုံးကို ပစ်ချထားပြီး ပြန်လာခဲ့ပါတယ်။ သူအဓိကလုပ်ဆောင်တဲ့ နယ်ပယ်ကတော့ AI နဲ့ပတ်သက်တဲ့ ဆေးဝါးသုတေသနဖြစ်ပါတယ်။
သူ့နာမည်ကတော့ Fu Tianfan ဖြစ်ပြီး New York မြို့မှာရှိတဲ့ နည်းပညာတက္ကသိုလ်တစ်ခုရဲ့ လက်ထောက်နည်းပြတစ်ယောက်ပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာပဲ တရုတ်နိုင်ငံ Nanjing တက္ကသိုလ်မှာ AI နဲ့ပတ်သက်ပြီး လေ့လာမှုလုပ်ဖို့ US မှာရှိသမျှကို ပစ်ချပြီး ပြန်လာခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ပညာရေးကို ပိုမိုအရေးပေးလာမှုကြောင့် ခုလိုပြည်ပရောက် ပညာရှင်တွေနှစ်စဥ်ပြန်လာနေပါတယ်။
Fu ကတော့ တရုတ်နိုင်ငံမှာ မတွေ့ရတာကြာပြီဖြစ်တဲ့ မိသားစုနဲ့ပြန်တွေ့ဆုံရသလို၊ တက္ကသိုလ်ကလည်းသူ့ရဲ့ လေ့လာမှုတွေအတွက် ထောက်ပံ့မှုတွေကောင်းကောင်းပေးမယ်လို့ ကတိပေးထားတဲ့အတွက် အိမ်ကိုပြန်လာရတာအတော်လေးဝမ်းသာတယ်လို့ မီဒီယာတွေပေါ်မှာရေးထားပါတယ်။
နိုင်ငံတစ်ခုမှာ သဘာဝတွင်းထွက်တွေနဲ့ သယံဇာတတွေမရှိတဲ့အခါ လူသားရင်းမြစ်ကိုပဲ အဓိကထားပြီး နိုင်ငံကိုတိုးတက်အောင်လုပ်ကြရပါတယ်။ စင်္ကာပူနိုင်ငံမှာ တွင်းထွက်တွေမကြွယ်ဝပေမယ့် ပညာရှင်တွေများတာကြောင့် နိုင်ငံသေးလေးဟာ ရှေ့ရောက်နေပါပြီ။
တရုတ်နိုင်ငံဟာလည်း AI ပြိုင်ပွဲထဲမှာ နောက်ကျမကျန်ခဲ့ဖို့ ကြိုးစားနေတယ်ဆိုတာ DeepSeek R1 ကိစ္စတွေနဲ့ ခုလိုကြိုကြားကြိုကြား ကြားလာရတဲ့သတင်းတွေဟာသက်သေပဲဖြစ်ပါတယ်။
