#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ လေယာဉ်ပစ်ဒုံးကျည်စနစ်စမ်းသပ်မှု ကင်ဂျုံအန်းကိုယ်တိုင်ကြီးကြပ်ခဲ့
နောက်ဆုံးပေါ် လေယာဉ်ပစ်ဒုံးကျည်စနစ်တစ်မျိုး စမ်းသပ်ပစ်ခတ်မှုကို မတ် ၂ဝ ရက်တွင် မြောက်ကိုရီးယားစစ်ဘက်ကပြုလုပ်ခဲ့ရာ ကင်ဂျုံအန်းကိုယ်တိုင်ကြီးကြပ်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရအာဘော် ကေစီအင်န်အေသတင်းဌာနက သတင်းထုတ်ပြန်ထားသည်။
လေယာဉ်ပစ်ဒုံးကျည်စနစ်သစ် စမ်းသပ်မှုတွင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းကိုယ်တိုင် လက်ရှိအာဏာရအလုပ်သမားပါတီ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်များနှင့်အတူ ကြီးကြပ်ခဲ့ကြောင်း ကေစီအင်န်အေသတင်းဌာန သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသော်လည်း ဒုံးကျည်စနစ်စမ်းသပ်မှုကို မည်သည့်နေရာတွင်လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားနိုင်ငံတို့က ဖရီးဒမ်းရှီးအမည်ရှိ နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အဆုံးသတ်ခဲ့သည့်နေ့မှာပင် မြောက်ကိုရီးယားနိုင်ငံက လေယာဉ်ပစ်ဒုံးကျည်စနစ်သစ်စမ်းသပ်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လေယာဉ်ပစ်ဒုံးကျည်စနစ်သစ်၏ စွမ်းဆောင်ရည်ကိုစစ်ဆေးနိုင်ရေးအတွက် မတ် ၂ဝ ရက်တွင်စမ်းသပ်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းဒုံးကျည်စနစ် ထုတ်လုပ်မှုကိုစတင်နေပြီဖြစ်ကြောင်း ကေစီအင်န်အေသတင်းဌာန၏ အဆိုအရသိရသည်။
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် လေယာဉ်ပစ်ဒုံးကျည်စနစ်တစ်မျိုးကို အပြည့်အဝတည်ဆောက်နိုင်ရေးအတွက် ရုရှား၏နည်းပညာအကူအညီရယူထားဖွယ်ရှိကြောင်း စစ်ရေးကျွမ်းကျင်သူအချို့ကသုံးသပ်ထားသည်။
ရိုက်တာ
