Universal ရဲ့ အလွန် Jason Bourne ကို ဘယ်သူတွေဆက်ပြီးတာဝန်ယူမလဲ
မတ် ၂၁၊ ၂၀၂၅။
စာရေးဆရာ Robert Ludlum ရဲ့ သည်းထိတ်ရင်ဖိုဝတ္ထုစာစဥ်တွဲဖြစ်တဲ့ Jason Bourne ဝတ္ထုတွေကို Universal Studios က သရုပ်ဆောင် Matt Damon နဲ့ ရုပ်ရှင်ငါးကားအထိ ဖန်တီးခဲ့ပေမယ့်လည်း ယခုအခါမှာတော့ Universal ဟာ Jason Bourne ဝတ္ထုတွေကို ရုပ်ရှင်အဖြစ်ဖန်တီးဖို့အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီဖြစ်ပါတယ်။
Jason Bourne ကို ရုပ်ရှင်အဖြစ်ဖန်တီးဖို့အတွက် မူပိုင်ခွင့်ကို Universal Studios ဆီကနေ နောက်ထပ်စတူဒီယိုတစ်ခုဆီကို ရောက်ရှိသွားမှာဖြစ်ပြီး နာမည်ကြီးဟောလိဝုဒ်ရုပ်ရှင်စတူဒီယိုတွေဖြစ်ကြတဲ့ Skydance, Apple နဲ့ Netflix တို့ဟာ စာရေးဆရာ Robert Lundlum နဲ့ တွေ့ဆုံပြီး ဝယ်ယူဖို့ကြိုးပမ်းလျက်ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က Universal ဟာ သရုပ်ဆောင် Matt Damon နဲ့ ဆဋ္ဌမမြောက် Jason Bourne ရုပ်ရှင် The Bourne Dilemma ကို ဒါရိုက်တာ Edward Berger နဲ့ ရိုက်ကူးဖို့ပြင်ဆင်ခဲ့ပေမယ့်လည်း ယခုအခါမှာတော့ အဆိုပါ Jason Bourne ဟာ အဆုံးသတ်ခဲ့ပြီလို့ ယူဆရတော့မှာပါ။
သရုပ်ဆောင် Matt Damon ရဲ့ Jason Bourne ရုပ်ရှင်ငါးကားမှာ ‘The Bourne Identity,’ ‘The Bourne Supremacy’ နဲ့ ‘The Bourne Ultimatum’ တို့ကတော့ ပိုမိုလူကြိုက်များခဲ့ပြီး ‘The Bourne Legacy’ နဲ့ ‘Jason Bourne’ ကတော့ ရောထွေးတဲ့ရလဒ်တွေကိုရရှိခဲ့ပါတယ်။
ဟောလိဝုဒ်ဟာ အထင်ကရရုပ်ရှင်တွေကို reboot ချ၊ remake ရိုက်၊ sequel ထုတ်နဲ့ သံသရာလည်လျက်ရှိနေပြီး စီအိုင်အေအရာရှိဟောင်း Jason Bourne ဟာလည်း ဒီသံသရာထဲမှာ နစ်မြောခဲ့ပြီလို့ ပြောရတော့မှာပါ။
