ပါရီဆစ်၊ မိုဒရစ်တို့ အိုမင်းလာလည်း ခရိုအေးရှားကတော့ ကြောက်ဖို့ကောင်းတုန်းပဲ။ ပြင်သစ်လို အသင်းကိုတောင် အိမ်ကွင်းမှာ ၂ဂိုးပြတ်နဲ့ တီးထုတ်လိုက်တာပါ။ ပြင်သစ်ရဲ့ တိုက်စစ်ပိုင်းက ဒီရာသီမှာ စုစုပေါင်း ဂိုး ၁၀၀ကျော် သွင်းပေးထားတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဒီလိုအသင်းကို ပေးဂိုးမရှိအောင်ပါ ကစားသွားခဲ့တာ ချီးကျူးရပါလိမ့်မယ်။
ဝါရင့်ကြီး ပါရီဆစ်က ခြေစွမ်းပြခဲ့ပြီး တဂိုးသွင်း၊ တကြိမ်ဖန်တီးပေးခဲ့ကာ ခရိုအေးရှားကို နိုင်ပွဲရစေခဲ့ပါတယ်။ ပြင်သစ်တို့ အိမ်ကွင်း ဒုတိယအကျော့ပွဲကို ရုန်းကန်ရတော့မှာဖြစ်ပြီး ဆီမီးဖိုင်နယ်တက်ဖို့အတွက်တော့ မလွယ်တော့ပါဘူး။ ခရိုအေးရှားက အသင်းကြီးတွေအတွက် ကြောက်စရာကောင်းနေတုန်းပါပဲ။
ဒီအသင်း စထွက်ပေါ်လာကတည်းက အခုထိကို လေးစားမှုခံရ၊ အလေးပေးခံခဲ့ရတာပါ။ ပြိုင်ပွဲကြီးတွေဆိုလည်း ထင်မှတ်မထားတာတွေ ခဏခဏလုပ်ပြနိုင်ခဲ့တယ်။ ပြင်သစ်လည်း အခု ဒါကို ခံစားသွားလိုက်ရပါပြီ။ ဒုတိယအကျော့ ပြန်မလာနိုင်ရင် နေးရှင်းလိဂ်ကို ပြင်သစ်တို့ မေ့ရတော့မှာပါ။
