8 ပတ် - ဘာသာပြန်ပါ။

ဆယ်နှစ်အတွင်း ဒေါ်လာ ၁၅ ဘီလီယံတန် လုပ်ငန်းအဖြစ် ကြီးထွားလာရန် အထည်ချုပ်အသင်း လျာထား
ရန်ကုန်၊ မတ် ၂၁
လာမယ့်ဆယ်စုနှစ်အတွင်း မြန်မာ့အထည်ချုပ်လုပ်ငန်းဟာ လုပ်သားအင်အား ၁.၂ သန်းကနေ ၁.၆ သန်းအထိ ခန့်ထားနိုင်ပြီး အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံတန်တဲ့ လုပ်ငန်းအဖြစ် ကြီးထွားလာမယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) က လျာထားပါတယ်။
၂၀၂၅ ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့် တန်ကြေးရှိတဲ့ လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နေကြောင်း MGMA ရဲ့ ၁၀ နှစ်တာ မဟာဗျူဟာအစီအစဉ် (၂၀၂၅-၂၀၃၄) မှာ ဖော်ပြထားချက်အရ သိရပါတယ်။
ဆယ်စုနှစ်အတွင်း မျှော်မှန်းထာတဲ့ စီးပွားရေးတိုးတက်မှုအတွက် လုပ်သားအင်အားဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်ခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်း၊ နည်းပညာအဆင့်မြှင့်တင်ခြင်း၊ အခြေခံအဆောက်အအုံတွေ ခိုင်မာစေရေးအတွက် အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားပါတယ်။
ဒါ့အပြင် သက်ဆိုင်သူတွေအကြား ကွန်ရက်ချိတ်ဆက်ခြင်းနဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေ အပါအဝင် အဓိကကဏ္ဍတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ခိုင်မာတဲ့ နည်းဗျူဟာတစ်ရပ်ကိုလည်း ချမှတ်ဆောင်ရွက်သွားမယ်လို့ မဟာဗျူဟာအစီအစဉ်မှာ ဆိုထားပါတယ်။
လက်ရှိမှာ မြန်မာ့အထည်ချုပ်ကဏ္ဍအနေနဲ့ စိန်ခေါ်မှုတွေ ရှိနေသေးပြီး အဲ့ဒီအထဲမှာ မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍမှာလည်း ဖွံ့ဖြိုးဖို့ အားယူနေရဆဲလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရှိရင်းစွဲ အပြည်ပြည်ဆိုင်ရာ ရောင်းသူ၊ ဝယ်သူ ချိတ်ဆက်ပေးတဲ့ ကွန်ယက်တွေကလည်း အခြားသော နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ကြီးထွားဖို့ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။
အဆိုပါ စိန်ခေါ်မှုပြဿနာတွေဟာ မြန်မာ့အထည်ချုပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် သိသာထင်ရှားတဲ့ အဟန့်အတားတွေဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။
၂၀၂၄ ခုနှစ်အတွင်း မြန်မာ့အထည်ချုပ်ကဏ္ဍမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄.၄၆ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ဒေါ်လာ ၇၅၀ သန်းခန့် ဝင်ငွေရရှိမှု လျော့သွားတာကို မှတ်တမ်းတွေအရ သိရပါတယ်။

image