“ သီတာဒေဝီသည် ကျွန်ုပ်ကို ကြောက်ရွံ့နေသည် ။
သီတာဒေဝီသည် ကျွန်ုပ် အောင်မြင်မှာကို ထိတ်လန့်နေသည် ။ ထို့နောက် ကျွန်ုပ်သည် လေးတော်ကို စက်ဆုပ်စွာဖြင့် ခုံပေါ်သို့ ပြန်တင်ထားလိုက်သည် ။ ”
“ ခေါင်းဆယ်လုံးပါတာ
နှလုံးသား ဆယ်ခုပါတာမှ မဟုတ်ဘဲကွယ်
ပိုင်ဆိုင်ချင်လွန်းခဲ့လို့များ ဆုံးရှုံးခဲ့ရသလား...။
ရာဇဝင်တွေမှာ ဘယ်လိုပင်စာတွေဖွဲ့သော်ငြား
ငါကထာဝရ လူကြမ်းကြီးပါကွာ”
ရှိတ်စပီးယားပြောတဲ့ အချစ်ဆိုတာ ရူးတာမှ တကယ့် အရူးတွေလို ရူးတာတဲ့ ။ ဒီလိုဆိုရင် ဒဿဂီရိဟာလည်း အဲ့သလို အချစ်ရူး ရူးနေခဲ့တဲ့ အရူးတစ်ယောက်ပဲ ။
မယ်သီတာရဲ့ပုံလေးကို မြင်လိုက်ရုံနဲ့ ရန်သူ ဘုရင်တွေကြားထဲသွားရမှာလည်း သူ မမြင်ဘူး ။ မယ်သီတာမျက်နှာကိုသာ သူ မြင်တော့တယ် ။
မယ်သီတာ အနားထားမယ့် ကျွန်တွေကိုတောင်မှ ရုပ်ရည်ချောတဲ့သူသာ ရွေးထားတယ် ။ မယ်သီတာ လန့်မှာဆိုးလို့တဲ့လေ ။ မယ်သီတာ သူ့ကို ဘယ်လောက်စိတ်ဆိုးဆိုးဘယ်လိုပဲပြောပြော သူ့အတွက်တော့ မယ်သီတာဟာ ကမ္ဘာလောကကြီးတစ်ခုလုံးရဲ့ အပြစ်ကင်းဆုံးသူ
အနုနယ်ဆုံးသူပဲ ။
မယ်သီတာ ငိုမှာ အလွန် ထိတ်လန့် တုန်လှုပ်ရှာတဲ့ ဒဿ
သေခါနီးတောင် သူ့ခန္ဓာကို မယ်သီတာရဲ့ ရွှေရုပ်ပုံလွှာလေး တွေ့ခဲ့တဲ့ ချောင်းနံဘေးမှာ မြုပ်နှံပေးဖို့ တောင်းဆိုခဲ့တဲ့ဒဿ ။ မသေခင်ကတော့ စစ်ကြီးပြီးရင် ထီးနန်းစွန့်ပြီး မယ်သီတာနဲ့ ဒီချောင်းလေး နံဘေးမှာပဲ လာနေချင်တဲ့ ဒဿ ။ အားလုံးက ဘီလူးဆိုးကြီးလို့ သတ်မှတ်ထားတဲ့ ဒဿကြီးကို ဆရာချစ်ဦးညိုက ဒီစာအုပ်လေးထဲမှာ လုံးဝကို အမြင်ကွဲပြားသွားအောင် ရေးသားထားတာပဲဖြစ်ပါတယ်ရှင့် ။
ဒီစာအုပ်လေးကို ဖတ်ပြီး စာဖတ်သူတို့ နှလုံးသားထဲမှာ တစ်စုံတစ်ခု စွဲကျန်ရစ်နေမယ်ဆိုတာတော့ လုံးဝကို အသေအချာပဲ ဖြစ်ပါတယ် ။
#ချစ်ဦးညို #လင်္ကာဒီပချစ်သူ
