မွေးကင်းစကလေးငယ်များနှင့်ဆံပင်ကျွတ်ခြင်း

မွေးကင်းစကလေးငယ်လေးတွေရဲ့မိဘတွေမေးကြတဲ့မေးခွန်းရှိပါတယ်။

'ကလေးက ၃လလောက်ရှိပါပြီ...ဆံပင်တွေတအားကျွတ်လို့စိုးရိမ်ရလား'ဆိုတာမျိုးပါ။

မွေးစမှတစ်နှစ်အတွင်းမှာ ကလေးလေးတွေဟာ ဆံပင်အကျွတ်များကြပါတယ်။ အထူးသဖြင့် အသက် ၃လနဲ့ ၆လဝန်းကျင်မှာပါ။ ဒီလိုကျွတ်ရတဲ့အကြောင်းအရင်းတွေလည်းများစွာရှိပါတယ်။

💠အဲဒီအကြောင်းအရင်းလေးတွေကို အရင်ဆုံးဖော်ပြပေးချင်ပါတယ်။

▪️သန္ဓေသားဗိုက်ထဲမှာရှိနေစဉ် ဟော်မုန်းများရဲ့လုပ်ဆောင်မှု

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်လောင်းမှာ အီစရိုဂျင်ဟော်မုန်းမြင့်တက်နေပါတယ်။ အဲဒီဟော်မုန်းတွေဟာ အချင်းကနေတဆင့်ကလေးဆီရောက်ပါတယ်။ ဒီဟော်မုန်းက ကလေးလေးဆီမှာ ဆံသားဖြစ်စေတဲ့ Hair Follicle (ဆံပင်အမြစ်) တွေကို ဖွံ့ဖြိုးစေပါတယ်။ ဒါကြောင့် မွေးလာတာနဲ့ ရင်သွေးလေးဟာ ဆံပင်လေးတွေပေါက်နှင့်ပြီးသားဖြစ်လာတာပါ။

မိခင်ရဲ့ဝမ်းကကျွတ်တာနဲ့ ကလေးငယ်ဆီမှာ အီစရိုဂျင်ဟော်မုန်းက ရုတ်တရက်ကျဆင်းသွားပါတော့တယ်။ အဲဒီအချိန်မှာ ဆံပင်ရဲ့အရင်းအမြစ် Hair Follicles လေးတွေဟာ ငြိမ်သက်သွားပါတော့တယ်။

▪️နောက်တခုကတော့ DHT လို့အတိုကောက်ခေါ်တဲ့ Dihydrotestosterone ဟော်မုန်းပါ။

ဒီ DHT ဟော်မုန်းဟာ မွေးကင်းစကလေးငယ်တွေဆီမှာ ပမာဏအနည်းငယ်ရှိပါတယ်။ ဒီဟော်မုန်းက Hair Follicle လေးတွေကို ဖွံ့ဖြိုးမှုကနေ ရပ်တန့်ဖို့ကို အားပေးပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးမှုရပ်ပြီး ဆံပင်ကျွတ်တဲ့အဆင့်ကို မြန်မြန်ရောက်သွားစေတာပါ။

ဆံပင်က ဖွံ့ဖြိုးမှုရပ်သွားတာနဲ့တပြိုင်နက် ဆံပင်အဟောင်းတွေနေရာမှာ အသစ်တွေအစားထိုးဖို့ဖြစ်လာပါတယ်။ ဒါကြောင့် ဆံပင်တွေ ကျွတ်လာပါတော့တယ်။ ကလေးငယ်လေးတွေမှာဆိုရင် ရှေ့ဆံပင်ထက်စာရင် သူတို့အမြဲပွတ်တိုက်မိစေတဲ့ ဘေးနှစ်ဘက်နဲ့နောက်စေ့ကဆံပင်တွေပိုကျွတ်တတ်ပါတယ်။

ဒီအချက်တွေကြောင့် မွေးကင်းစကလေးငယ်တွေမှာ ဆံပင်ကျွတ်ခြင်းကို ပိုပြီးသိသိသာသာမြင်ရတာဖြစ်ပါတယ်။ လသားအရွယ် ခပ်ငယ်ငယ်မှာ ဆံပင်တွေကျွတ်တာသဘာဝဖြစ်ပြီး အသက် တစ်နှစ်ကျော်တာနဲ့ ပြန်ပေါက်လာမှာဖြစ်ပါတယ်။

💠ဘယ်အချိန်မှာ ဆေးခန်းပြရမလဲ?

▪️မွေးကင်းစကလေးလေးမှာ ဆံပင်ကျွတ်ခြင်းနဲ့အတူ ဦးရေပြားနီရဲနေခြင်း၊ အနာများဖြစ်နေခြင်း၊ အဖတ်များလန်ခြင်း

▪️ဆံပင်များကျွတ်ပြီး လပေါင်းများစွာကြာသင့်တိုင်အောင် ပြန်မပေါက်ဘဲ အကွက်လိုက်ဖြစ်နေခြင်း

စတဲ့အချက်များရှိလျှင်တော့ ကလေးအထူးကုဆရာဝန်နဲ့ ပြသရမှာဖြစ်ပါတယ်။

💠မွေးကင်းစကလေးလေးတွေရဲ့ဆံသားကို ဘယ်လိုဂရုစိုက်ပေးမလဲ?

မွေးကင်းစမှာ ဆံပင်ကတော့ ကျွတ်မှာပါပဲ။ ဒါပေမယ့် ဂရုစိုက်ပေးလို့ရတဲ့နည်းလမ်းလေးတွေတော့ရှိပါတယ်။

▪️ ခေါင်းမလျှော်ခင် ကလေးငယ်ရဲ့ ဦးရေပြားကို ဆီလိမ်းပေးတဲ့အခါ လက်ချောင်းထိပ်လေးတွေကိုသုံးပြီးနှံ့အောင်လိမ်းပေးပါ။ သွေးလည်ပတ်မှုကောင်းပြီး ဆံပင်ကြီးထွားမှုကို အားပေးပါတယ်။

▪️အဆီသုံးရာမှာ အန္တရာယ်ကင်းပြီးသန့်စင်တဲ့ အုန်းဆီ၊ သံလွင်ဆီများသုံးနိုင်ပါတယ်။ Cradle Cap လို့ခေါ်တဲ့ ကလေးခေါင်းမှာ ဗောက်နဲ့တူတဲ့အရာတွေဖြစ်တဲ့အခါ အုန်းဆီကသက်သာစေပါတယ်။ သံလွင်ဆီကတော့ ဦးရေပြားနဲ့ ဆံသားကို အာဟာရပေးနိုင်ပါတယ်။

▪️ဆီတွေသုံးတဲ့အခါ ပမာဏကိုသင့်တင့်ရုံသာသုံးပြီး သေချာပြောင်အောင်ပြန်လျှော်ပေးဖို့တော့လိုအပ်ပါတယ်။ ဦးရေပြားမှာ အဆီတွေစုပြီး ချွေးပေါက်တွေပိတ်ရာကနေ ရေဓာတ်ဆုံးရှုံးမှုဖြစ်ပြီး ပိုအဆီပြန်စေနိုင်ပါတယ်။

▪️Brush နုနုလေးတွေနဲ့ ကလေးခေါင်းကို ပုံမှန်ဖြီးပေးပါ။ သဘာဝခေါင်းအဆီကိုလည်း ပိုမိုပျံ့နှံ့စေလို့ ဆံသားအတွက်ကောင်းမွန်စေပါတယ်။

▪️ကလေးခေါင်းကို ပုံမှန်လျှော်ပေးပါ။
တစ်ပတ်လျှင် ၂-၃ကြိမ်ခန့်လျှော်ပေးနိုင်ပါတယ်။ Baby Shampoo သာသုံးစွဲသင့်ပါတယ်။ နေ့စဉ်ခေါင်းလျှော်တာမျိုးတော့မလုပ်သင့်ပါဘူး။ ဦးရေပြားခြောက်သွေ့စေနိုင်လို့ပါ။

▪️နို့တိုက်မိခင်ကအစာအာဟာရပြည့်ဝအောင်စားပါ။ ကိုယ်ဝန်ဆောင်အားဆေးကို ကလေးအသက် ၆လအထိဆက်သောက်ပေးပါ။

▪️ကလေးကို မိဘများရဲ့စောင့်ကြပ်မှုအောက်မှာ Tummy Time ပေးပါ။ ၂၄နာရီလုံး ကလေးက အိပ်နေရင် နောက်စေ့မှာ ဆံပင်ပိုကျွတ်တာများစေပါတယ်။ ပွတ်တိုက်မှုကြောင့်ဖြစ်ပါတယ်။

image